close

မတူပီတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၉ ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ကနေ ညနေအထိ နေရာ ၅ ခုမှာ စစ်ကောင်စီတပ်နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတူပီ-မင်းတပ်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ ကာကင်းစခန်းကို ဇန်နဝါရီ ၂၁ ရက်နေ့မနက် ၈ နာရီခွဲလောက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ CDF မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။

မတူပီ-ဟားခါးလမ်းပေါ်က CDF မတူပီ တပ်ရင်း ၂ ထိန်းချုပ်နယ်မြေမှာလည်း စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီကနေ ၄ နာရီလောက်အထိ CDF ပူးပေါင်းတပ်ဖွဲ့တွေက ငလိုင်နဲ့ ခရိုင်ထွေအုပ်ရုံးကြားမှာ တကြိမ်၊ ခရိုင်ထွေအုပ်ရုံးနဲ့ အိုးအိမ်ကုန်းထိပ်မှာ တကြိမ်၊ ဖနိုင်ရွာ ဘုန်းကြီးကျောင်းမှာတကြိမ် တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို CDF-မတူပီ၊ CDF-မရာနဲ့ CDF-Zotung တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားပြီး MA1 သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 CDF ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တွေကတော့ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မတူပီမြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့မနက်ကလည်း စစ်ကောင်စီစစ်ကြောင်းက CDF-မတူပီ

ရဲ့  စခန်းတခုကို ဝင်ရောက်စီးနင်းခဲ့လို့ စစ်ကောင်စီတပ်နဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တယောက်နဲ့ CDF ရဲဘော်တယောက် ကျဆုံးကာ လက်နက်ခဲယမ်းတွေနဲ့ ငွေကြေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို‌ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up