ပီရူးတက္ကသိုလ်တခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီး

ပီရူးနိုင်ငံ မြို့တော်လီမာရှိ တက္ကသိုလ်တခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ ပိုင်နက် ကျူးကျော်မှုနဲ့ ခိုးမှုဆိုင်ရာ စွဲချက်တွေအရ လူဦးရေ ၂၀၀ ကျော်ကို ဇန်နဝါရီ ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒီအန်ဒီယန်းအဖွဲ့ဝင်နိုင်ငံဟာ ပြင်းထန်တဲ့ဆန္ဒပြပွဲတွေကြောင့် မငြိမ်မသက် ဖြစ်နေခဲ့တာပါ။
ရှေ့နေချုပ်ရဲ့ ရာဇဝတ်မှုကာကွယ်ရေးအဖွဲ့ ညှိနှိုင်းရေးမှူး အယ်လ်ဖွန်ဆို ဘဲရန်နေချေးက ရဲတပ်ဖွဲ့ အနေနဲ့ ဆန်မားကို့စ် အမျိုးသားတက္ကသိုလ်မှာ လူပေါင်း ၂၀၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် မြို့တော်လီမာမှာရှိတဲ့ စင်တာအသီးအသီးကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်ဆိုပြီး ပြည်တွင်း ရေဒီယိုဌာန RPP ကိုပြောပါတယ်။
ဗွီဒီယိုထဲမှာလည်း ပီရူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေ တက္ကသိုလ်ထဲဝင်ရောက်လာနိုင်ဖို့အတွက် တင့်ကားတစ်စီးက ဂိတ်ပေါက်ကို ဖြိုချလာတာ တွေ့ရသလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေကိုလည်း ရဲတပ်ဖွဲ့က အစောင့်အကြပ်နဲ့ ဘတ်စ်ကားတွေဆီ ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။
တက္ကသိုလ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ မျက်နာတွေဖုံးထားတဲ့ ဆန္ဒပြလူတစုဟာ ဇန်နဝါရီ ၂၀ ရက်က ကျောင်းဝင်းထဲကို အတင်းဝင်ရောက်လာကြပြီး လုံခြုံရေးဝန်ထမ်းတွေရဲ့ အကာအကွယ် အင်္ကျီနဲ့ အခြားပစ္စည်းကိရိယာတွေကို ယူဆောင်ပြီးနောက် အဲ့ဒီဝန်ထမ်းတွေကို နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီ အန်ဒီယန်းအဖွဲ့ဝင်နိုင်ငံမှာ ဆက်လက်ဖြစ်ပွားလျက်ရှိနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အဓိကရုဏ်းတွေကြား လူ ၄၆ ဦးအထိ သေဆုံးခဲ့သလို လူ ၉ ဦးကတော့ ဒီဆန္ဒပြတောင်းဆိုမှုဆိုင်ရာ မတော်တဆဖြစ်ရပ်တွေကြောင့် သေဆုံးခဲ့တာပါ။
အောက်လွှတ်တော်ကို တရားမဝင်ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ လက်ဝဲယိမ်းသမ္မတဟောင်း ပီဒရို ကတ်စတီလို စွပ်စွဲပြစ်တင်မှုဆိုင်ရာစွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီးနောက် အခု လို လူထုအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။
လက်ရှိဆန္ဒပြပွဲတွေမှာလည်း သမ္မတဟောင်းလွတ်မြောက်ရေးအတွက်ကိုပါ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။