close

ပေါက်မြို့နယ် သီးခြောက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကံမမြို့နယ်ရှိ ရဲစခန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သီးခြောက်ရွာကို ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၂ ရက်မှာ ပေါက်တောင်ပိုင်းကို ရွာစဥ်လှည့်ကာ စစ်ကြောင်းထိုးပြီး ကျောက္ကာရွာနဲ့ သီးခြောက်ရွာကြားမှာ ညအိပ်စခန်းချကာ ဒီမနက် ၇ နာရီလောက်မှာ သီးခြောက်ရွာက ကျန်ရှိနေတဲ့ နေအိမ်တွေကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တာလို့ သီးခြောက်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ရွာက အိမ်ခြေ ၂၅၅ အိမ်ရှိပြီး ၂၀၂၂ နှစ် အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ် ပြာကျခဲ့ပြီး ရွာနားက မြောင်းအနောက်ဘက်မှာ ကျန်နေတဲ့ နေအိမ် ၆ လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတာ။”

စစ်ကြောင်း ပထမအကြိမ် မီးရှို့ကတည်းက ရွာသားတွေ ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာ မြို့ရွာတွေမှာ ထွက်ပြေးခိုလှုံနေရပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃,၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မကွေးတိုင်း၊ ကံမမြို့နယ်မှာတော့ ရေနံသာနယ်မြေရဲစခန်းကို ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပြီး ရဲ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း-၄ Eagle Force ကနေ သိရပါတယ်။

ရေနံသာနယ်မြေရဲစခန်းကို မနေ့ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ဒရုန်းနဲ့ ဗုံးသီးဖြုတ်ချ တိုက်ခိုက်ခဲ့တာလို့ Eagle Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ရဲစခန်းဝင်းထဲမှာ ခြင်းခတ်နေတဲ့ ရဲတွေကို ချဖို့လုပ်တာမှာ ရဲ ၂ ယောက်က ဒရုန်းကိုမြင်ပြီး ပြေးတာကြောင့် ပြေးတဲ့နေရာကို လိုက်ပြီး ချခဲ့တာလို့ ဆိုပါတယ်။

ကိုမြတ်က “ဒီတိုက်ခိုက်မှုဟာ ပထမဦးဆုံး ဒရုန်းမစ်ရှင်ဖြစ်ပြီး သေဆုံးတဲ့သူ မရှိဘူးလို့ ကြားတယ်။ မနေ့တုန်းကတော့ ရဲစခန်းနဲ့ကပ်လျက် တိုက်နယ်ဆေးရုံကို ဒဏ်ရာရသွားတဲ့ ရဲတယောက်ကို တွဲခေါ်သွားတာ တွေ့ရတယ်လို့ ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိရတယ်” လို့ ပြောပါတယ်။

ကံမမြို့မှာ ဇန်နဝါရီ ၁၅ ရက် ညပိုင်းကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ ရှိနိုင်တယ်လို့ သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပ.က.ဖ ကနေ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up