close

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာအနီးမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်း ၂ ကြိမ်ဆွဲခံရတယ်လို့ အင်းပတ်ကျေးရွာသားတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ ရေဦး-ခင်ဦးသွားလမ်းနဲ့ ရေဦး-ရွှေဘိုသွားကားလမ်းမ လမ်းလေးခွစုံမှာ တပ်စွဲထားတဲ့ စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

အင်းပတ်ဒေသခံပြည်သူတဦးက “မိုင်းကွဲတာက ၃ လုံးကွဲတာရှင့်။ အဲ့လိုမိုင်းကွဲသံလည်းကြားရော ကျမတို့ရွာထဲက ရွာသားတွေ သူ့ထက်ငါ အကုန် ရွာအပြင် ထွက်ပြေးကြတယ်။ စစ်ကောင်စီက သူတို့ကိုမိုင်းဆွဲလို့ ညဘက် လက်နက်တွေနဲ့ ကျမတို့ရွာထဲကို ပစ်တော့တာပဲ။ အထိအခိုက် အပျက်အစီးကတော့ ရွာထဲပြန်မဝင်ရသေးတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ နေ့တိုင်းလိုလို အင်းပတ်ရွာရဲ့ ‌မြောက်ဘက် ရွာသစ်ကုန်းရွာကြားက ဘုန်းကြီးကျောင်းမြောက်ဘက် သရက်ခြံကနေ အင်းပတ်ရွာကို လက်နက်တွေနဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်တယ်လို့ အင်းပတ်ရွာသားတွေက ပြောပါတယ်။

“ဒီကောင်တွေက အင်းပတ်ရွာက ဈေးတောင်ဘက် ကြက်ခြံတွေဘက် ကင်းထပ်တိုးလာတယ်။ အဲလိုတိုးလာတာကို ကျနော်တို့နဲ့ ထိပ်တိုက်တိုးပြီး ကျနော်တို့ မိုင်း ၃ လုံးဆွဲ တိုက်ခိုက်လိုက်တာဗျ။ (--)တွေ နေရာတင် ၅ ယောက်သေတယ်။ ၃ ဦး ဒဏ်ရာရတယ်ဗျ။ အခုညနေပိုင်း နောက်ဆုံးသိရတာက ရေဦးဆေးရုံမှာ ည ဒဏ်ရာရ ၃ ဦးထဲက တဦးထပ်သေတယ်လို့ ဒေသခံတွေဆီကနေ သိထားရတယ်” လို့ KSO အဖွဲ့ တာဝန်ခံခေါင်းဆောင်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အကျအဆုံးကို စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ခိုက်မှုကို KSO၊ KDK နဲ့ ခင်ဦးမြို့နယ် ပကဖအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up