close

ယူကရိန်းအတွက် စစ်ရေးအကူအညီ ယူရိုသန်း ၅၀၀ ပေးရန် အီးယူ သဘောတူ

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ နောက်ထပ် ယူရို သန်း ၅၀၀ ခွဲဝေပေးဖို့နဲ့ အီရန်ဆန္ဒပြသူတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းခဲ့မှုတွေအတွက် အီရန်အရာရှိတွေနဲ့ အဖွဲ့အစည်း ၃၀ ကျော်ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ ဇန်နဝါရီ ၂၃ ရက်က သဘောတူညီခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အနောက်နိုင်ငံတွေဟာ ကိယက်ဗ်ကို တိုက်ပွဲဝင်တင့်ကားတွေ စေလွှတ်ဖို့ကိစ္စမှာ သဘောထားမတူ ဖြစ်ခဲ့ကြပြီးနောက်မှာ အီးယူရဲ့ နိုင်ငံခြားရေးဝန်ကြီး ၂၇ ဦးတို့ ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့ချိန်မှာ ယူကရိန်းအတွက် ၇ ကြိမ်မြောက် အကူအညီပေးရေး သဘောတူညီချက် ထွက်ပေါ်လာခဲ့တာမှာ ဘီလီယံနဲ့ချီပြီး ထောက်ပံ့မယ်လို့ ကတိပြုခဲ့ပါတယ်။

အီးယူနိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်းအတွက် အီးယူရဲ့ စစ်ရေးလေ့ကျင့်မှုမစ်ရှင် အတွက် လူမသေစေနိုင်တဲ့ လက်နက်ပစ္စည်းတွေအတွက် နောက်ထပ် ၄၅ သန်းနဲ့အတူ ယူရို သန်း ၅၀၀ အကူအညီပေးရေး ပက်ကေ့ချ်ကို အတည်ပြုခဲ့တာဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က ပြောပါတယ်။

ယူကရိန်းကိုပေးပို့ဖို့ သူ့ဆီက လဲပါ့ဒ် တင့်ကားတွေကို ဝယ်ယူခဲ့တဲ့နိုင်ငံကို ပိတ်ပင်မှာ မဟုတ်ဘူးလို့ အစည်းအဝေးမှာ ဂျာမနီက ရှင်းလင်းပြောကြားသွားကြောင်းလည်း သူကပြောပါတယ်။

ဥရောပတဝန်းရှိ စစ်တပ်တွေအတွက် ပေးပို့ထားတဲ့ ဂျာမနီရဲ့ လဲပါ့ဒ် တင့်ကားတွေဟာ ယူကရိန်းအတွက် အသင့်တော်ဆုံးလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပေမဲ့ ဘာလင်ဟာ သူတို့ရဲ့ရောင်းချမှုကို တရားဝင်ခွင့်ပြုပေးရမှာဖြစ်ပြီး ခုထိတော့ အဲလို မလုပ်ဆောင်ရသေးပါဘူး။

အီရန်ကိစ္စမှာလည်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ တပ်ဖွဲ့တွေနဲ့ ထိပ်ပိုင်း အကြီးတန်းအရာရှိတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဘော်ရဲလ်က ပြောပါတယ်။

ပစ်မှတ်ထားခံရသူတွေဟာ အီးယူကို မသွားရောက်နိုင်ဘဲ အီးယူအတွင်းရှိ သူတို့ရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို ချုပ်ကိုင်ထားမှာဖြစ်ပါတယ်။

အီရန်ရဲ့ နျူးကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွေကို ပြန်စတင်ဖို့ ကြိုးပမ်းမှုတွေ တန့်နေချိန်မှာ အီရန်ဟာ ဥရောပနိုင်ငံသား အများအပြားကို ဖမ်းဆီးဖို့ လုပ်ဆောင်လာတာကြောင့် အီးယူနဲ့ တီဟီရန်တို့ကြား ဆက်ဆံရေး ကျဆင်းသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up