close

ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးအကြား တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးမြို့အကြား စစ်ကူလာတဲ့ စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့  ကော်သူးလေတပ်မတော် (KTL Army) တို့  ဇန်နဝါရီ ၂၄ ရက် ဒီနေ့မနက် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့ KTL Army ကထုတ်ပြန်လိုက်ပါတယ်။

KTL Army  ဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando ဗျူဟာစစ်ကြောင်းနဲ့အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနဲ့ ကျုံဒိုး - ညောင်ရိပ်သာ ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့  စစ်ကောင်စီတပ်တွေ  အနီးကပ်ထိတွေ့ပြီး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတာလို့ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က မနက်ကထိ အနည်းဆုံး ၃ ဦးကျဆုံး ၅ ဦး အပြင်းအထန်ဒဏ်ရာရကာ  စက်လက် MA 2 တစ်လက် သိမ်းယူရရှိထားပြီး စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးမှုများနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်းနဲ့  စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူနဲ့ ပစ်ခတ်နေပေမဲ့ ကော်သူးလေတပ်မတော်နဲ့ ပြည်သူ့ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနေ့ ည ၈  နာရီဝန်းကျင်ကစလို့ ဘုရားသုံးဆူမြို့ရှိ  ရုံးပေါင်းစုံဝင်းကို ဗိုလ်လင်းယုန် ဦးဆောင်တဲ့ မြို့ပြပြောက်ကျား တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

တိုက်ပွဲဖြစ်ချိန် ဒေသခံတွေကတော့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ပုန်းအောင်းနေရတယ်လို့  ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့ လမ်းကြောင်းဘက်ကို  စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဘုရားသုံးဆူမြို့ DKBA ဆက်ဆံရေးရုံး တာဝန်ခံက ပြောပါတယ်။

ဘုရားသုံးဆူမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီး ည ၁၁ နာရီလောက်မှာ‌ စစ်ကောင်စီလေယာဉ်တွေ လာရောက်ပြီး ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ကြားထဲက စစ်မြေပြင်တွေမှာ ဗုံးကြဲသွားခဲ့သလို ဘုရားသုံးဆူမြို့ နဂါးနီတောင်ကုန်းပေါ်မှာလည်း လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေတွေအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား၊ ရဲ၊ အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းတွေ အမြန်ဆုံးနုတ်ထွက်ပြီး ပြည်သူနဲ့အတူပူးပေါင်းဖို့ KNU က သတိပေးထုတ်ပြန်ထားပါတယ်။ 

ဘုရားသုံးဆူတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up