close

မြိုင်တွင် စစ်ကောင်စီရှေ့ပြေးတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အယောက် ၂၀ သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းရဲ့ ရှေ့ပြေးခြေလျင် တပ်သားတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်း ၁၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အယောက် ၂၀ သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် မြေအောက်တော်လှန်ရေး တပ်ဖွဲ့ Myaing Underground Defence Force-MUGDF က ပြောပါတယ်။

“ကျနော်တို့ ဆင်ထားတဲ့မိုင်းတွေအပေါ် အရောက်မှာ ဆွဲလိုက်တာ၊ သေဆုံး ၂၀ လောက်ရှိတယ်၊ မိုင်းထိလို့ ဖောကား ၃ စီးလောက်နဲ့ လာသယ်သွားတယ်၊ ပခုက္ကူ တပ်မ ၁၀၁ ထဲက ဖောကား ၆ စီးနဲ့ထွက်လာတဲ့ စစ်သားတွေလို့ သိရတယ်။”

ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပခုက္ကူမြို့ကနေ Well-2 ရေနံမြေစခန်းကို သွားရောက်မယ့် စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းရဲ့ ခြေလျင်အင်အား ၅၀ ကျော်ပါတဲ့ ရှေ့ပြေးခြေလျင်တပ်သားတွေကို ကိုင်းတောမရဲစခန်းနဲ့ Well-2 ရေနံမြေစခန်းအကြားမှာ မြိုင်မြို့နယ် မြေအောက်တော်လှန်ရေးတပ်ဖွဲ့ Myaing Underground Defence Force-MUGDF နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ခွဲ-၁၊ တပ်ခွဲ -၄( စင်္ကြာ) ၊ မုန်တိုင်းတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်တပ်ရိက္ခာပို့ယာဉ်တန်းရဲ့ ရှေ့ပြေးခြေလျင် တပ်သားတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up