close

လျှပ်စစ်သုံး တက္ကစီများပြေးဆွဲမည်၊ ရန်ကုန် ဓာတ်ဆီဆိုင် ၂၄ ဆိုင်တွင် EV Charging Point များ တပ်ဆင်မည်

PHOTO-MOI

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ ရောက်ရှိနေပြီး ရန်ကုန်လေဆိပ်နဲ့ နေပြည်တော် သပြေကုန်း ဈေးမှာ အခြေပြုကာ လျှပ်စစ်သုံး တက္ကစီယာဉ်တွေ စတင်ပြေးဆွဲမယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီဆိုင် ၂၄ ဆိုင်မှာ လျှပ်စစ်ကားတွေ အားသွင်းနိုင်ဖို့အတွက်   EV Charging Point အားသွင်းတဲ့နေရာတွေ တပ်ဆင်သွားမယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သာကေတ၊ စမ်းချောင်း၊ တောင်ဥက္ကလာပ၊ ဒလ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ တောင်ဂုံနဲ မြောက်ဒဂုံမြို့နယ်က စက်သုံးဆီဆိုင် ၂၄ ဆိုင်မှာ EV Charger တွေတပ်ဆင်ဖို့ ပြုလုပ်နေတယ်လို့ စည်ပင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“အခုက ဆီဆိုင်တွေမှာ အားသွင်းလို့ရမယ့် နေရာတွေလုပ်မှာ။ အခုမှ လုပ်နေတုန်း။ ၁၁ မြို့နယ် ရှိတယ်။ ဆိုင်က ၂၄ ဆိုင်။ အခုမှ စလုပ်နေတုန်း။”

အဆိုပါ စက်သုံးဆီဆိုင် ၂၄ ဆိုင်ကတော့ Denko၊ Max Energy၊ Moon Sun၊ PT Power၊ Yangon Petrol၊ Farmer Fuelstation၊ Terminal၊ News Day၊ SBP Oil၊ Hello Max Energy ၊ ရွှေစတား၊ ရတနာ စတဲ့ဆီဆိုင်တွေ ဖြစ်တယ်လို့ ဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"Denko နဲ့ Max က ငါးဆိုင်စီလောက်ရှိတယ်။ ကျန်တဲ့ဆိုင်တွေက နည်းတယ်။ ကားလည်း အများကြီး သွင်းလို့မရဘူး။ တစ်စီး နှစ်စီးပဲ သွင်းလို့ရတာ။”

EV ယာဉ်တွေအတွက် Charger တွေတပ်ဆင်ဖို့ Grand Sirius ကုမ္ပဏီက တင်သွင်းခွင့်ရရှိထားတာ ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေဟာ မြန်မာပြည်အတွက် အိပ်မက်အဆင့်ပဲရှိသေးပြီး မီးပုံမှန်မရရှိတာကြောင့် ရေရှည်မှာ အဆင်ပြေမှာမဟုတ်ဘူးလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အခုတောင် မီးပုံမှန်မလာလို့ အသေးစားလုပ်ငန်းလေးတွေ ရပ်ကုန်ပြီး သိန်း ၇၀၀ လောက်ပေးပြီး EV ကားကို ဝယ်ပြီး မီးမလာတဲ့တိုင်းပြည်မှာ အားသွင်းပြီး မောင်းရမယ်ဆိုတော့ ရယ်စရာ ဟာသတခုလို ဖြစ်နေတယ်။”

အလားတူ နေပြည်တော်ကောင်စီနယ်မြေမှာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ လယ်ဝေး၊ ပုဗ္ဗသီရိနဲ့ ဥတ္တရသီရိမြို့နယ်မှာရှိနေတဲ့ စက်သုံးဆီဆိုင် ၁၄ ဆိုင်မှာလည်း EV Charger တွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွာဖြစ်နေချိန်မှာ လျှပ်စစ်ရထားတွေ၊ မြေအောက်ရထားတွေနဲ့  လျှပ်စစ်ကားတွေ ပြေးဆွဲသွားမယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်က မကြာခဏ ထုတ်ဖော်ပြောဆိုနေတာ ဖြစ်ပါတယ်။ 

လတ်တလောမှာ Chin Dwin Shan ဆောက်လုပ်ရေးကုမ္ပဏီနဲ့  NPK Motors ကုမ္ပဏီတို့ကို  စစ်ကောင်စီက လျှပ်စစ်ကားနဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းခွင့်ပြုထားပြီး မြန်မာနိုင်ငံကို ပထမအကြိမ် ရောက်လာတဲ့ လျှပ်စစ်ကား အစီး ၄၀ ကို ရွာသာကြီး Dry Port မှာ စစ်ကောင်စီ ဝန်ကြီးက မနေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အခုရောက်လာတဲ့ လျှပ်စစ်ကားတွေဟာ တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနဲ့ တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan ကုမ္ပဏီက ရန်ကုန်လေဆိပ်မှာ အခြေပြုပြီး တက္ကစီ ၁၀ စီးပြေးဆွဲမှာဖြစ်ပြီး  NPK Motors ကုမ္ပဏီကတော့ နေပြည်တော် သပြေကုန်းဈေးမှာ အခြေပြုပြီး  တက္ကစီ ၁၀ စီး ပြေးဆွဲကြမယ်လို့လည်း စစ်ကောင်စီသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up