ယူကရိန်းကို ဆက်တိုက်ရန် လက်နက်အလုံအလောက်ရှိဟု ရုရှားသမ္မတဟောင်း ပြော

မော်စကိုရဲ့ လက်နက်သိုလှောင်မှုတွေက ယူကရိန်းမှာ ဆက်တိုက်ဖို့အတွက် လုံလုံလောက်လောက် ရှိတယ်လို့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ဇန်နဝါရီ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
မက်ဗီဒက်ဟာ မော်စကိုမြို့အရှေ့ဘက် အိုက်စ်ဟက်ဗ်စ်ခ်မြို့ရှိ ကာလာ့ရှ်နိကော့ဗ် ကာကွယ်ရေးပစ္စည်းစက်ရုံကိုသွားရောက်ပြီး စက်ရုံထုတ်ရိုင်ဖယ်တွေ၊ အမြောက်ကျည်တွေ၊ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို စစ်ဆေးကြည့်ရှုစဉ် ပြောဆိုခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၁၁ လတိတိ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ပွဲတွေမှာ အမြောက်ကျည်တွေနဲ့ ဒုံးကျည်ထောင်ပေါင်းများစွာကို ပစ်ခတ်ပြီးနောက်မှာ လက်နက်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီဆိုတဲ့ ယူကရိန်းနဲ့ အနောက်နိုင်ငံ စစ်အရာရှိတွေရဲ့ ပြောကြားချက်တွေကို ပြန်တုံ့ပြန်ခဲ့တာပါ။
“ကျနော်တို့ရဲ့ ပြိုင်ဘက်တွေက စောင့်ကြည့်နေကြပြီးတော့ ဒါတွေမရှိဘူး၊ ဟိုဟာတွေမရှိဘူးလို့ ခဏခဏ ပြောနေကြလို့ သူတို့ကို စိတ်ပျက်သွားစေချင်တယ်။ အရာအားလုံး လုံလုံလောက်လောက် ရှိနေပါတယ်” လို့ မက်ဗီဒက်က ပြောပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ “အထူးစစ်ဆင်ရေး” အတွက် ဒရုန်းတွေကို အထူးသဖြင့် ဝယ်လိုအား မြင့်မားနေကြောင်း မက်ဗီဒက်က ခရီးစဉ်အတွင်းမှာ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။
ဒရုန်းတွေဟာ စျေးသက်သာပြီး ပစ်မှတ်တိကျလို့ လူလိုက်ပါတဲ့ လေယာဉ်တွေထက် ပိုလုံခြုံတယ်လို့ ရှုမြင်ကြတာကြောင့် ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံစလုံးဟာ စစ်ပွဲစတင်ကတည်းက တိုက်ပွဲတွေမှာ ဒရုန်းတွေကို အသုံးပြုခဲ့ကြပါတယ်။
သမ္မတဟောင်း မက်ဒီဗက်ဟာ အခုအခါ သြဇာကြီးတဲ့ ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး ဒီဇင်ဘာလတုန်းက စစ်ပွဲကို ပံ့ပိုးပေးဖို့အတွက် လက်နက်ထုတ်လုပ်ရေးကို ကြီးကြပ်ရမယ့် စစ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း ကော်မရှင်အသစ်ရဲ့ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက မက်ဒီဗက်ဟာ ယူကရိန်းမှာ ရုရှားရှုံးနိမ့်မှုဟာ နျူးကလီးယား စစ်ပွဲကို ဖြစ်စေနိုင်ကြောင်း ပြောခဲ့ပါတယ်။