close

ရေးမြို့နယ် ပညာရေးမှူးရုံး မိုင်းခွဲခံရပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်

မွန်ပြည်နယ်၊ ရေးမြို့ရှိ မြို့နယ်ပညာရေးရုံးမှာ ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက် ၄ နာရီခွဲလောက်က မိုင်းခွဲခံရပြီးနောက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်ပညာရေးမှူးရုံးကို ရာမညပြောက်ကျားတပ်ဖွဲ့ (RGF) က လာရောက် မိုင်းထောင် ဖောက်ခွဲခဲ့တာကြောင့် စစ်ကောင်စီတပ်တွေနဲ့ ပြောက်ကျားတပ်ဖွဲ့တွေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

“မနက်က အရင်ဆုံး အသံအကျယ်ကြီးတချက် ကြားတယ်။ ပြီးတော့ သေနတ်အသံ ၁၆ ချက်လောက် ဆက်တိုက်ကြားရတယ်။ အဲဒီဖြစ်စဉ်ပြီးတော့ ပိတ်ဆို့စစ်ဆေးတာတွေ ရှိတယ်။ အခုတော့ ပုံမှန်အတိုင်း သွားလာနေကြပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။

မြို့နယ်ပညာရေးမှူးရုံး ဗုံးထောင်ဖောက်ခွဲခံရပေမဲ့ ရုံးအဆောက်အဦ ထိခိုက်ပျက်စီးတာ မရှိသလို ပစ်ခတ်မှုမှာလည်း ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

ရာမညပြောက်ကျားတပ်ဖွဲ့ (RGF) ကတော့ မြို့နယ်ပညာရေးရုံးကို မိုင်းထောင်ဖောက်ခွဲရတာဟာ တနှစ်တာကုန်ဆုံးတော့မယ့် စစ်ကျွန်ပညာရေး အကောင်အထည်ဖော်မှုကို အထမမြောက်စေချင်တဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတွေထိခိုက်မှာ စိုးရိမ်တာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း ရေးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ မြို့နယ်မြေစာရင်းရုံးကို ရေးဘီလူးအဖွဲ့က လက်နက်ကြီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up