close

ကလေး PDF တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရပြီး ၂ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကလေး PDF အဖွဲ့‌ဝင်တွေ ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခံရတာတွေ ရှိနေတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းက တာဟန်းရပ်ကွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ကလေး PDF အဖွဲ့ဝင် လာလ်ပန့်ဆန်းငါကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သလို ဇန်နဝါရီ ၂၀ ရက်ကလည်း ချမ်းမြေ့အောင်စည်ရပ်ကွက်မှာ ကလေး PDF အဖွဲ့ဝင် ကိုစိုင်းညီညီအောင်လည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

ဇန်နဝါရီ ၂၄ ရက်ညက စစ်ကောင်စီတပ်စွဲထားရာ တာဟန်းရပ်ကွက်အုပ်ရေးမှူးရုံးကို မိုင်းသွားထောင်းတဲ့ ကလေး PDF အဖွဲ့ဝင် ၂ ဦးလည်း စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပါသေးတယ်။

“ကျဆုံးသွားတဲ့ အဖွဲ့ဝင်ရဲဘော်တွေအတွက် ဂုဏ်ယူပါတယ်။ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေအတွက်လည်း ကျနော့်အနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။ မြိုပေါ်မှာလှုပ်ရှားတဲ့ အဖွဲ့တွေဆိုတော့ ကျနော်တို့လို တောမှာ စစ်ရေးလှုပ်ရှားတဲ့အဖွဲ့တွေထက် အန္တရာယ်ပိုများတယ်” လို့ ကလေး PDF အမှတ်-၁ တပ်ရင်းမှူး ရဲဘော်ဝေနိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ ဒေသကွပ်ကဲမှု စစ်‌ဌာနချုပ်အတွင်း ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကလေး PDF အဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ လုံခြုံရေးအဖွဲ့ဝင်တွေအနေနဲ့ ဉပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လတ်တ‌လော ကလေးမြို့မှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ Non CDM ဝန်ထမ်းတချို့က မြို့‌ပေါ်ရပ်ကွက်တွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ခံတာတွေ လုပ်ဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up