close

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာတည်ရှိတဲ့ တောင်ခင်ရန်းရဲစခန်းကို ဂန့်ဂေါခရိုင် PDF တပ်ရင်း-၁ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တောင်ခင်ရန်းရဲစခန်းမှာ ရဲတပ်သားတွေသာမက စစ်ကောင်စီတပ်သား‌တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေပါ တပ်စွဲနေထိုင်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါခရိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ စခန်းနဲ့ အနည်းငယ်ကွာဝေးတဲ့ နေရာကနေ စခန်းတွင်းကို လက်နက်ကြီး ၆၀ မမတွေနဲ့ လှမ်းထုခဲ့တာဖြစ်တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ စပစ်တာပါ။ သူတို့ဘက်က မြောက်ခင်ရန်း ပျူစောထီးရွာက‌နေ လက်နက်ကြီး ၁၂၀ မမနဲ့ လှမ်းထုကူလို့ လှည့်ပြေးခဲ့ရတယ်။ ကျနော်တို့တပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိပါဘူး။ ကျနော်တို့တပ်ဖွဲ့က သူတို့စခန်းတွင်းကို သေချာချိန်ပြီးမှ ထုတာဆိုတော့ သူတို့စခန်းတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။”

ဂန့်ဂေါ PDF ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးပါဘူး။

စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီရဲ့ ထိုးစစ်တွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up