ကလေးများအတွက် ရိုင်ဖယ်သေနတ်ရောင်းသည့်ကုမ္ပဏီကို စစ်ဆေးပေးရန် ဒီမိုကရက် အမတ်အချို့ တောင်းဆို

အထက်လွှတ်တော်အမတ် ဒီမိုကရက်ခေါင်းဆောင် ချတ်ခ်ရှူးမား အပါအဝင် နာမည်ကြီး ဒီမိုကရက်တစ် အမေရိကန် အထက်လွှတ်တော်အမတ်တစုဟာ ကလေးတွေအတွက် ရိုင်ဖယ်သေနတ်ရောင်းတဲ့ ကုမ္ပဏီကို စုံစမ်းစစ်ဆေးပေးဖို့ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (FTC) ကို ဇန်နဝါရီ ၂၆ ရက်က တောင်းဆိုခဲ့ပါတယ်။
ကယ်လီဖိုးနီးယားမှာ လူ ၁၉ ဦး သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုသုံးခု ဖြစ်ပွားပြီးနောက် ရက်ပိုင်းအကြာမှာ အထက်လွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
“ဥပဒေမှာက ကလေးတွေကို သေနတ်ရောင်းတာ မလုပ်သင့်ဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ အဲဒါကိုလုပ်နေတဲ့ ချီကာဂိုက ကုမ္ပဏီတခု ရှိနေတယ်” လို့ အမတ် ရှူးမားက Wee1 Tactical သေနတ်ထုတ်လုပ်ရေးကုမ္ပဏီအကြောင်း ပြောခဲ့ပါတယ်။
အခုလအစောပိုင်းက ဗာဂျီးနီးယားပြည်နယ်မှာ ၆ နှစ်အရွယ် ကလေးငယ်တဦးက သေနတ်နဲ့ ပစ်လိုက်လို့ ကျောင်းဆရာမတဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲတခုမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ JR-15 ပွိုင့်တူးတူး ရိုင်ဖယ်ရှည်ကို ထုတ်လုပ်တဲ့ Wee1 Tactical သေနတ်ကုမ္ပဏီရဲ့ စျေးကွက်ရှာဖွေရေး နည်းပညာတွေကို မေးမြန်းခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးလုပ်ဖို့ တောင်းဆိုချက်အရ ဒီကိစ္စဟာ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (FTC) ရဲ့ ကြီးကြပ်ခွင့်နယ်ပယ်အပြင်မှာ ရှိနေပုံပေါ်တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ အဖွဲ့ကတော့ လိမ်လည်လှည့်ဖြားပြီး တရားမျှတမှုမရှိတဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေကို ဆန့်ကျင်ဖို့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။
သေနတ်ကုမ္ပဏီ Wee1 Tactical က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်မှာတော့ ကလေးသေနတ်တွေ ဘေးကင်းမှုရှိကြောင်း အလေးပေးဖော်ပြထားပြီး ဘေးကင်းစွာ အသုံးပြုနိုင်ကြောင်း အရင်းအမြစ်တွေ၊ လင့်ခ်တွေ ပေးထားပါတယ်။
ဒီမိုကရက်တွေဟာ မကြာခဏ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ သေနတ်ထိန်းချုပ်ရေး အစီအမံတွေကို တင်းကျပ်ဖို့ ဆယ်စုနှစ်တွေချီ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ ဒီအရေးယူဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်မှာ ပြဋ္ဌာန်းထားတဲ့ လက်နက်တွေ သိမ်းဆည်းထားရှိခွင့်နဲ့ ကိုင်ဆောင်ခွင့်ကို ချိုးဖောက်တယ်လို့ ဆိုကြပါတယ်။