close

လောင်းလုံး ပကဖ က လောင်းကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာမှာ ဇန်နဝါရီ ၂၆ ရက်က လူဦးရေ ၇၀ ကျော်ပါတဲ့ လောင်းကစားဝိုင်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပကဖ (LLPDF) က သတင်းထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ကို အခွန်ဘဏ္ဏာရှာပေးနေတဲ့ လုပ်ရပ်တွေနဲ့ စစ်ကောင်စီအလိုကျ လောင်းကစားဝိုင်းတွေ မပြုလုပ်ဖို့ ၃ ကြိမ်ထက်မနည်း သတင်းထုတ်ပြန်ထားပြီး အဲဒီနောက်မှာတော့ အခုလို စည်စည်ကားကား ကျင်းပနေတဲ့ လောင်းကစားဝိုင်းကို သွားရောက်ဖမ်းဆီးခဲ့ရာမှာ လောင်းကစားဝိုင်း ဦးဆောင်သူ အပါအဝင် ၅၀ ကျော်ခန့် ထွက်ပြေးလွတ်မြောက်သွားပြီး အယောက် ၂၀ လောက်ကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ LLPDF က ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့အတူ ကျပ်ငွေ ၁၂ သိန်းကျော်နဲ့ ထိုင်းဘတ်ငွေ ၂,၃၆၀ ဘတ်ကို သိမ်းဆည်းရမိခဲ့တဲ့အတွက် အဲဒီငွေတွေကို စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုတဲ့ ကျည်ဆန်တွေ ဝယ်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီအလိုကျ လောင်းကစားဝိုင်းတွေ ထပ်ပြီး ပြုလုပ်နေမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်တယ်လို့လည်း လောင်းလုံးမြို့နယ် ပကဖ က ထပ်ပြီး သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up