close

ရော့ခ်အင်ရိုးလ်ဘုရင်အဲလ်ဗစ်ပရက်စ်လေ၏ပစ္စည်းများကို လေလံတင်ရောင်းချ

နာမည်ကျော် ရော့ခ်အင်ရိုးလ်ဘုရင် ဂန္ထဝင်အဆိုတော်ကြီး အဲလ်ဗစ်ပရက်စ်လေရဲ့ ရှားရှားပါးပါး ကိုယ်ပိုင်ပစ္စည်းတွေကနေ လာမယ့်လေလံပွဲမှာ အမြတ်အစွန်း အများအပြားရနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ဒီလေလံပွဲမှာ ပရက်စ်စလေပိုင်ဆိုင်တဲ့ ပစ္စည်းအခု ၄၀ နီးပါး ပါဝင်မှာဖြစ်ပြီး အဲ့ဒီထဲမှာ ပရက်စ်စလေရဲ့ ကိုယ်ပိုင် စတိုင်ဝတ်စုံတွေကို ဖန်တီးပေးခဲ့တဲ့ ဒီဇိုင်နာဘီလ်ဘီလူးလက်ရာ ဂျာကင်အင်္ကျီ တစ်ထည် အပါအဝင် သူရဲ့ ကိုယ်ပိုင်လေယာဉ်ပေါ်မှာ အသုံးပြုခဲ့တဲ့ စာရွက်တွေနဲ့ ကျောက်မျက်ရတနာတို့ကို လေလံတင်ရောင်းချသွာမှာပါ။

"သူ့ရဲ့ကော်လံထောင်ဝတ်စုံကို ဒေါ်လာတစ်သန်းနဲ့ ရောင်းချခဲ့ရတဲ့အတွက် ဒီဂျာကင်အင်္ကျီကိုလည်း အနည်းဆုံး ဒေါ်လာတစ်သိန်းလောက် ရဖို့ မျှော်လင့်ပါတယ်" လို့  ခရုစ် GWS လေလံပွဲတည်ထောင်သူ နဲ့ ဦးဆောင်လေလံတင်သူ ဘရီဂဟ်တီခရုစ်က ပြောပါတယ်။

ပရက်စ်စလေ သဘောတကျ အသုံးများတဲ့ လက်ဆွဲအိတ်တခုလည်း ဒီလေလံပွဲမှာပါဝင်မှာပါ။ ပရက်စ်လေရဲ့လက်ရေးမူနဲ့ ကိုယ်ရေးကိုယ်တာမှတ်စုတွေ ပါဝင်တဲ့ လိပ်စာစာအုပ်ကိုလည်း အမေရိကန်ဒေါ်လာ တစ်သောင်းကျော်လောက် ဈေးရရှိဖို့ ခန့်မှန်းထားပါတယ်။

မကြာသေးမီကမှ ပရက်စ်စလေရဲ့သမီးဖြစ်သူ လီဆာမာရီ ကွယ်လွန်သွားတဲ့အတွက် ပရက်စ်စလေ မိသားစုပိုင် ပစ္စည်းတွေဟာ တန်ဖိုးတက်လာခဲ့တယ်လို့ ခရုစ်က ပြောပါတယ်။

"ဟောလီးဝုဒ်နဲ့ ဂီတ အနုပညာပစ္စည်းတွေ" လို့ နာမည်ပေးထားတဲ့ ဒီအွန်လိုင်းလေလံပွဲကို ခရုစ် GWS လေလံကုမ္ပဏီက လာမယ့်ဇန်နဝါရီလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အင်တာနက်ပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။

ဒီအွန်လိုင်းလေလံပွဲမှာ နာမည်ကျော် ရုပ်ရှင်မင်းသမီးချော မာရီလင်မွန်ရိုးရဲ့ပစ္စည်းတွေ၊ အမျိုးသမီး စွယ်စုံအနုပညာရှင် လိုင်ဇာမင်နယ်လီ လက်မှတ်ရေးထိုးထားတဲ့ ချက်လက်မှတ်တွေနဲ့ အမေရိကန် သရုပ်ဆောင် ရော့ခ်ဟတ်ဆင်ရဲ့ အချစ်တော်ခွေးလေးဝတ်ဆင်ခဲ့ဖူးတဲ့ ခရစ္စမတ်ခြေအိတ်ရှည် တခုကိုပါ လေလံ တင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Up