close

ဩစတြေးလျတွင် ရေဒီယိုသတ္တိကြွပစ္စည်း သတိပေးချက်ထုတ်ပြန်

ဩစတြေးလျနိုင်ငံအနောက်ဘက်က အာဏာပိုင်တွေဟာ ရေဒီယိုသတ္တိကြွပစ္စည်းတွေပါတဲ့ ဆေးတောင့် သေးသေးလေးတခု ပျောက်ဆုံးသွားပြီးတဲ့နောက် ဇန်နဝါရီ ၂၇ ရက်နှောင်းပိုင်းမှာ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အနောက်သြစတြေးလျပြည်နယ် မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဌာန (DFES) က နယူးမဲန်းနဲ့ ပါ့သ်မြို့တို့ မြောက်ဘက်မှာရှိတဲ့ သတ္ထုတွင်းနေရာတွေကြား ကီလိုမီတာ ၁၄၀၀ ရှိတဲ့ လမ်းကြောင်း တလျှောက် အချင်း ၆ မီလီမီတာနဲ့ အမြင့် ၈ မီလီမီတာရှိတဲ့ ဆေးတောင့်ကို စပြီးရှာနေပြီလို့ ပြောပါတယ်။

အနောက်သြစတြေးလျပြည်နယ် ကျန်းမာရေးရုံးအကြီးအကဲ အန်ဒရူး ရောဘတ်ဆန်ကတော့ အလွန်အမင်း ရေဒီယို သတ္တိကြွနိုင်စွမ်းရှိတဲ့ ဆီးဇီးယံ-137 ဟာ အနီးနားမှာရှိသူကို တစ်နာရီ အတွင်း ဓာတ်မှန် ၁၀ ကြိမ် ရိုက်တာနဲ့ ညီမျှသင့်လျော်တဲ့ ဓာတ်ရောင်ခြည်ပမာဏကို ထုတ်လွှတ်တယ်လို့ ပြောပါတယ်။

အရေပြားပျက်စီးတာ၊ အရေပြားလောင်ကျွမ်းတာနဲ့ ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်သင့် ဖျားနာခြင်း တို့ကို ဖြစ်စေနိုင်လို့ လူတွေအနေနဲ့ အဲဒီ အရာဝတ္တုနဲ့ ဝေးဝေးနေသင့်တယ်လို့ ရောဘတ်ဆန်က ပြောပါတယ်။

လမ်းကြောင်းတလျှောက် တုန်ခါမှုတွေကြောင့် ဆေးတောင့်ကို သယ်ယူလာတဲ့ ကုန်သေတ္တာက ဝက်အူရစ် တခု ပြုတ်ထွက်သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဆေးတောင့်ဟာ ကုန်ကားကြမ်းပြင်က အပေါက်ကနေ ပြုတ်ကျခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကုန်ကားဟာ ဇန်နဝါရီလ အစောပိုင်းက စပြီးခရီးထွက်ခဲ့ပေမယ့် ဇန်နဝါရီ ၂၅ ရက်အထိ ဆေးတောင့်တွေ မပျောက်သေးဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

Up