close

နယူးဇီးလန်မြောက်ဘက်ကျွန်းတွင် မိုးသည်းပြီး ရုတ်တရက်ရေကြီး၊ ၄ ဦးသေဆုံး

နယူးဇီလန်နိုင်ငံ မြောက်ဘက်ကျွန်းမှာ နောက်တကြိမ် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဇန်နဝါရီလ ၂၉ ရက်က မြေပြိုတာတွေ၊ ရုတ်တရတ်ရေကြီးတာတွေနဲ့အတူ လမ်းပြတ်တောက်မှု တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

ဒီဖြစ်ရပ်အတွင်း ပျောက်ဆုံးနေသူ ၁ ဦးဟာ သေဆုံးသွားတယ်လို့ အတည်ပြုခဲ့ပြီးနောက် သေဆုံးသူအရေ အတွက် ၄ ဦးအထိ ရှိလာပါပြီ။ 

အိမ်ခြေထောင်နဲ့ချီဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပြီး ရာနဲ့ချီက ရေပြတ်တောက်နေကြသလို တချို့မိသားစုတွေကလည်း ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေ ကနေ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ 

လူဦးရေ ၁.၆ သန်းနဲ့ နယူဇီလန်နိုင်ငံက အကြီးမားဆုံး မြို့တခုဖြစ်တဲ့ အော့ခ်လန်းမှာ ဇန်နဝါရီ ၂၇ ရက်က သမိုင်းတလျှောက် အစိုဆွတ်ဆုံးနေ့ရက်ကို ကြုံတွေ့ခဲ့ရပြီးနောက် နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေအောက်မှာ ဆက်ရှိနေပါတယ်။ 

နိုင်ငံပိုင် မိုးလေဝသ ခန့်မှန်းရေးဌာန Met Service က လာမယ့်တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ မြောက်ဘက်ကျွန်းဒေသအတွက် ပိုမို ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပြီး ပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေကြောင့် လျှပ်တပြတ်ရေကြီးမှုနဲ့ ရေဖုံးလွှမ်းမှုတွေ လည်း ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီ ၂၈ ရက် နှောင်းပိုင်းမှာ ကြေညာခဲ့တဲ့ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ဗဟိုချက်ဟာ အော့ခ်လန်းမြို့ကနေ မိုင်ပေါင်း ၁၃၇ မိုင်အကွာမှာရှိတဲ့ နယူးဇီလန်တောင်ပိုင်းက ဝိုင်တိုမို ခရိုင်ဆီကို ရွေ့လျားလာခဲ့ပါတယ်။

Up