close

မိုးကောင်းတွင် စစ်ထောက်လှမ်းရေးဗိုလ်ကြီး ၁ ဦးနှင့် SNA တပ်ဖွဲ့ဝင် ၉ ဦးကို UG အဖွဲ့က ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်ထောက်လှမ်းရေးဗိုလ်ကြီးတယောက်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)တပ်ဖွဲ့ဝင် ၉ ယောက်ကို  ဒေသခံ မြေအောက်တော်လှန်ရေး UG အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မိုးကောင်းမြို့မှာ ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့ ၉ ယောက်အဖွဲ့ကို ဖမ်းဆီးရမိပြီး‌ ဖော်ထုတ်ချက်အရ တပ်မ ၄၇ တပ်ရင်းက ကွန်မန်ဒိုထောက်လှန်ရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်ကို ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လဂေါင်ကျေးရွာ အနောက်ဘက်မှာ ဟန်ပြအခင်းလုပ်ထားတယ်ဗျ။ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့ သူ့အဖွဲ့ ၉ ယောက်ရဲ့ ဝန်ခံချက်အရ အခင်းဟန်ပြလုပ်နေပြီး ကျနော်တို့ တော်လှန်အဖွဲ့တွေကို ပိတ်ပင်အနှောင့်အယှက်ပေးဖို့ အထက်ကလူကြီးတွေ ညွှန်ကြားတာလို့ပြောတယ်။ အဲ့အခင်းကို KIA ဒူကမ္ဘာလဇွန်နော်ရှိန်နဲ့ SNA ခေါင်းဆောင် ကျော်စိုး (ခ) မင်းမင်းလှိုင်တို့ ပိုင်တယ်လို့ သိရတယ်ဗျ။ ဒူကမ္ဘာလဇွန်နော်ရှိန်နဲ့ SNA ခေါင်းဆောင် ဘယ်လိုပတ်သက်မှုရှိလဲဆိုတာ မသိရဘူးဗျ။ ကျန်ရှိတဲ့ သူတို့နဲ့ပတ်သက်နေတဲ့ အဖွဲ့ဝင်တွေက မဟုတ်မမှန် စွပ်စွဲပြောဆိုနေတယ်ဆိုတာလည်း သိရတယ်ဗျ။”

မိုးကောင်းမြို့နယ်၊ အလယ်ရပ် ရပ်ကွက်နေ SNA ခေါင်းဆောင်လို့ ဝန်ခံထားသူ ကျော်စိုး (ခ) မင်းမင်းလှိုင် ဆိုသူနဲ့ လဂေါင်ကျေးရွာအနီး ဟန်ပြအခင်းလုပ်ဆောင်နေတဲ့ SNA အဖွဲ့အစည်းတချို့နဲ့ ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်တို့ကို ဆက်လက် ဖမ်းဆီး စစ်ဆေးမေးမြန်းနေတယ်လို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

Up