နည်းပြဗန်ဟားလ်ကို မခံချင်အောင်လုပ်ခဲ့သည့်အပေါ် နောင်တရမိကြောင်း မက်ဆီဖွင့်ဟ

၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဟော်လန်နည်းပြဗန်ဟားလ်ကို မခံချင်အောင်လုပ် ဆောင်ခဲ့တဲ့အပေါ် နောင်တရမိကြောင်း မက်ဆီကပြောပါတယ်။
မက်ဆီဟာ ဟော်လန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူအပြီးမှာ ကွင်းဘေးစည်းမှာရှိတဲ့ နည်းပြဗန်ဟားလ်နဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ စကားအချေအတင်ဖြစ်ခဲ့ပါတယ်။
မက်ဆီက ဗန်ဟားလ်နဲ့ နည်းပြအဖွဲ့ဆီကို အာဂျင်တီးနားကစားသမားဟောင်း ရီကွယ်မီးရဲ့ အောင်ပွဲခံပုံအတိုင် နားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ထောက်ပြီးအောင်ပွဲခံခဲ့သလို စကားများလွန်းတယ်ဆိုတဲ့ လက်ဟန်အမှုအရာနဲ့လည်း မခံချင်အောင်ပြုလုပ်ခဲ့တာပါ။
အဲဒီလိုလုပ်ဆောင်ခဲ့တာဟာ ပွဲမတိုင်ခင်က မှတ်ချက်စကားတွေကြောင့် နည်းပြဗန်ဟားလ်အပေါ် လေးစားမှု မရှိခဲ့တာဖြစ်ကြောင်း ပွဲပြီးပြီးချင်းမှာ မက်ဆီကပြောခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ အဲဒီအဖြစ်အပျက်တွေဟာ တဒင်္ဂခဏအတွင်းမှာပဲ စဉ်းစားချိန်မရဘဲ ဖြစ်ခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာမဟုတ်ကြောင်း မက်ဆီကပြန်ရှင်းခဲ့တာပါ။
မလေးမစားလုပ်မိသလိုဖြစ်ခဲ့ရပေမယ့်ရည်ရွယ်ချက်မပါကြောင်း၊ အဲဒီတုန်းကအဖြစ်အပျက်တွေဟာ ချန်ထားခဲ့ဖို့မသင့်တဲ့ပုံရိပ်တွေဖြစ်ကြောင်း မက်ဆီကပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။