ယူကရိန်းအတွက် စစ်ရေးအကူအညီတိုးမြှင့်ပေးရန် တောင်ကိုရီးယားကို နေတိုးတိုက်တွန်း

နေတိုးအတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်ဟာ ယူကရိန်းကို စစ်ရေးအရ အထောက်အပံ့ တိုးမြှင့်ပေးဖို့ တောင်ကိုရီးယားကို ဇန်နဝါရီ ၃၀ ရက်က တိုက်တွန်းလိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့နိုင်ငံတွေကို လက်နက်မထောက်ပံ့ဘူးဆိုတဲ့ တခြားနိုင်ငံတွေဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်လိုက်အပြီးမှာတော့ သူတို့ရဲ့မူဝါဒကို ပြောင်းလဲခဲ့ကြောင်းလည်း ကိုးကားပြီး ပြောဆိုပါတယ်။
နေတိုးအတွင်းရေးမှူးချုပ်ရဲ့ ဂျပန်နိုင်ငံ အပါအဝင် အာရှခရီးစဉ်ဟာ တောင်ကိုရီးယားမှာ ပထမဆုံး ရပ်နားခဲ့တာဖြစ်ပြီး ယူကရိန်းမှာ စစ်ပွဲကာလနဲ့ တရုတ်တို့နဲ့ ပြိုင်ဆိုင်မှု မြင့်တက်လာချိန်အတွင်း အာရှနိုင်ငံတွေကို အနောက်နိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေး ခိုင်မာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
စတော့တန်ဘာ့ဂ်ဟာ သမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ကာကွယ်ရေးဝန်ကြီး အီဂျုံဆော့ဘ်တို့ကို တွေ့ဆုံခဲ့ပြီး ဆိုးလ်ရှိ ချိုးစက်မှုတက္ကသိုလ် အဆင့်မြင့်လေ့လာရေးဌာနမှာ စကားပြောဆိုခဲ့တာပါ။
စတော့တန်ဘာ့ဂ်က ယူကရိန်းအတွက် လူမသေစေတဲ့ အကူအညီတွေကို ပံ့ပိုးပေးခဲ့တဲ့ တောင်ကိုရီးယားကို ကျေးဇူးတင်ရှိကြောင်း၊ ဒါပေမဲ့ ဒီထက်မက ထပ်ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့ပြီး ခဲယမ်းမီးကျောက်အတွက် အရေးပေါ် လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက နေတိုးအဖွဲ့ဝင် ပိုလန်ကို ရာနဲ့ချီတဲ့ တင့်ကားတွေ၊ လေယာဉ်တွေနဲ့ တခြားလက်နက်တွေ ပေးအပ်ဖို့ အဓိက သဘောတူညီချက်တွေကို တောင်ကိုရီးယားက လက်မှတ်ရေးထိုးထားပါတယ်။
ဒါပေမဲ့လည်း ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေဆီ လက်နက်တွေ ပေးပို့တာကို တားမြစ်ထားတဲ့ တောင်ကိုရီးယားဥပဒေအရ ယူကရိန်းကို လက်နက်တွေပေးပို့ရေးမှာ အခက်တွေ့ရကြောင်း သမ္မတ ယွန်းဆွတ်ခ်ယိုးက ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး အီဂျုံဆော့ဘ်ကတော့ နေတိုးနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးရှိဖို့ လိုလားပါတယ်။ ဒါပေမဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေ ပံ့ပိုးပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်ပြောကြားမှု မရှိပါဘူး။