ပါကစ္စတန်တွင် ဗုံးခွဲခံရမှုကြောင့် သေဆုံးသူ ၄၇ ဦး၏ ဈာပနကျင်းပ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းပေရှဝါမြို့က လူစည်ကားတဲ့ ဗလီတစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၇ ယောက်အတွက် အစုလိုက် ဈာပနပွဲကို ဇန်နဝါရီ ၃၀ ရက်မှာ ဆောင်ရွက်ခဲ့ပါတယ်။
ဒဏ်ရာရသူ ဒါဇင်များစွာကို တနင်္လာနေ့မှာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပေရှဝါမြို့ရဲ့ လမ်းတွေပေါ်မှာ လူနာတင်ယာဉ်တွေ ပြည့်နှက်နေခဲ့ပါတယ်။
လူ ၁၄၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပြီး အများစုမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသဆိုင်ရာ အကူအညီပေးရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့အစည်းမှ အလုပ်သမား မိုဟမ်မဒ် ဘီလယ်လ်က"ဗလီရှေ့ပိုင်း ပြိုကျသွားတယ်။ အဆောက်အအုံပြိုကျပြီး ဝတ်ပြုသူတွေ အများအပြား ပိတ်မိနေသေးတယ်။ ဒါပေမဲ့ အဲဒီအောက်မှာ လူဘယ်လောက်ပိတ်မိနေတယ်ဆိုတာတော့ မသိရသေးဘူး"လို့ ပြောပါတယ်။
ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်ကတော့ ဒီပေါက်ကွဲမှုဟာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။ ဗလီထဲမှာ အနည်းဆုံး လူ ၂၆၀ လောက်ရှိခဲ့တယ်လို့ ရဲအရာရှိ ရှိခန်းဒါ ခန်းက ပြောပါတယ်။
နေ့ခင်းဝတ်ပြုဆုတောင်းနေချိန် ဗလီအတွင်း ပြိုကျပျက်စီးသွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်ရှိကြောင်း ထုတ်ဖော်မပြော သေးပါဘူး။
ဒီဗလီဟာ ခရိုင်ရဲတပ်ဖွဲဌာနချုပ်နဲ့ အကြမ်းဖက်မှု တန်ပြန်ရေးဌာနတို့ ပါဝင်တဲ့ ခိုင်ခံ့တဲ့ ခြံဝင်းထဲမှာ ရှိနေပါတယ်။
သောကြာနေ့ဝတ်ပြုဆုတောင်းမှုအတွင်း ရှီးယိုက်မွတ်စလင်ဗလီတစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ မနှစ်က မတ်လနောက်ပိုင်း အဆိုးရွားဆုံးတိုက်ခိုက်မှုပါ။
လူ ၅၈ ဦးထက်မနည်းသေဆုံးပြီး အယောက် ၂၀၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ IS စစ်သွေးကြွတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နဲ့ ထိစပ်နေတဲ့ ပါကစ္စတန်လူမျိုးစု ခရိုင်တွေရဲ့ အစွန်းမှာ တည်ရှိတဲ့ ပေရှဝါမြို့ကို ပါကစ္စတန် တာလီဘန်တွေအပါအဝင် စစ်သွေးကြွအဖွဲ့တွေက မကြာခဏပစ်မှတ်ထားကြပါတယ်။