ယူကရိန်းအရှေ့ပိုင်းရှိ ဘလာဟိုဒတ်ရွာကို သိမ်းပိုက်နိုင်ခဲ့ဟု ရုရှားပြော

မကြာသေးမီ သီတင်းပတ်တွေအတွင်း စစ်ပွဲရဲ့ အပြင်းထန်ဆုံး တိုက်ပွဲတချို့ဖြစ်ခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့ မြောက်ဘက်က ဘလာဟိုဒတ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဇန်နဝါရီ ၃၁ ရက်မှာ ရုရှားက ပြောပါတယ်။
ဘတ်ခ်မွတ်မြို့ မြောက်ဘက် ၅ ကီလိုမီတာ (၃ မိုင်) အကွာက ဘလာဟိုဒတ်ရွာကို လေကြောင်းစစ်ကူနဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားရဲ့ စစ်မြေပြင်ဖြစ်ရပ် အသေးစိတ်ဖော်ပြချက်ကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့အစည်းအဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့ ဝဂ္ဂနာ ကြေးစားစစ်သည်ငှားရမ်းရေး ကွန်ရက်အုပ်စုက သူ့တပ်ဖွဲ့တွေဟာ ဘလာဟိုဒတ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ စနေနေ့က ပြောခဲ့ပေမဲ့ ယူကရိန်းအစိုးရက အဲဒီရွာအပေါ် တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းတပ်တွေနဲ့ တိုက်ပွဲမှာ လပေါင်းအတော်ကြာကြာ ပိတ်မိနေတဲ့ ဘတ်ခ်မွတ်မြို့နားက နေရာအများအပြားကို ရုရှားက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။