close

၁၂ နိုင်ငံပါသည့် ညွန့်ပေါင်းအဖွဲ့ထံမှ တင့်ကားအစီးရေ ၁၄၀ ခန့် ယူကရိန်း ရရှိမည်

ယူကရိန်းဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံပါတဲ့ ညွန့်ပေါင်းအဖွဲ့ဆီက ပထမအကြိမ် ပေးပို့မှုအတွင်း တင့်ကားအစီးရေ ၁၂၀ ကနေ ၁၄၀ အထိ လက်ခံရရှိမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ခူလေဘာက ဇန်နဝါရီ ၃၁ ရက်မှာ ပြောပါတယ်။

ရုရှားအစိုးရဟာ ယူကရိန်းအရှေ့ပိုင်းမှာ အတိုးချ ထိုးစစ်ဆင်ဖို့ အကြီးအကျယ် ပိုအားထုတ်လာနေတဲ့အတွက် ရုရှားရဲ့ အင်ပြည့်အားပြည့် ကျူးကျော်စစ်ကို ခုခံကာကွယ်နိုင်ရေး ပင်မတိုက်ပွဲဝင် တင့်ကားတွေကို ထောက်ပံ့ပေးဖို့ အခုလအတွင်း အနောက်အုပ်စုက ကတိပြုခဲ့ပါတယ်။

စစ်ပွဲရဲ့ အတိမ်းအစောင်းမခံဘဲ အရေးကြီးတဲ့ အချိန်ကာလလို့ ယူကရိန်းအရာရှိတွေက ပြောထားပြီး နောက်ထပ် နိုင်ငံတွေက တင့်ကားတွေထောက်ပံ့ဖို့ ယူကရိန်းအစိုးရက နောက်ကွယ်ကနေ လုပ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“တင့်ကား ညွန့်ပေါင်းအဖွဲ့ဝင်အဖြစ် နိုင်ငံတွေ ပိုတိုးချဲ့ဖို့ လုပ်နေသလို ကတိကဝတ် ပြုထားပြီးသား နိုင်ငံတွေဆီက အလှူတွေ ပိုတိုးရရှိရေး နှစ်ခုစလုံးကို ဆက်လုပ်နေပါတယ်” လို့လည်း သူက ပြောပါတယ်။

ယူကရိန်းအစိုးရဟာ နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ဘက်မှာ ရုရှားသိမ်းယူထားတဲ့ နယ်မြေ အများအပြားကို ပြန်သိမ်းဖို့ ကြီးကြီးမားမား တန်ပြန်ထိုးစစ်တရပ်စဖို့ စီစဉ်ထားပါတယ်။

ယူကရိန်းနိုင်ငံဆီကို အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီတွေ မရောက်လာမချင်း အဲဒီအစီအစဉ်တွေကို ရပ်ဆိုင်းထားဖို့ အမေရိကန်က ယူကရိန်းအစိုးရကို ပြောထားပါတယ်။ ယူကရိန်းကလည်း လာမယ့် သီတင်းပတ်တွေ လတွေအတွင်း ရုရှားက အကြီးအကျယ် ထိုးစစ်ဆင်လာမှာကို စိုးရိမ်နေပါတယ်။

Up