close

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ အမေရိကန် B-1B အကြီးစား ဗုံးကြဲလေယာဉ်တွေ၊ F-22 ကိုယ်ပျောက်တိုက်လေယာဉ်တွေနဲ့ နှစ်နိုင်ငံစလုံးက F-35 ဂျက်လေယာဉ်တွေကိုသုံးပြီး ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီတကြိမ် ပူးတွဲလေကြောင်းလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေအပေါ် ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ တိုးချဲ့တားဆီးမှုလုပ်ပေးတဲ့ အမေရိကန်ရဲ့ ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို ပြသနေပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ လက်မခံနိုင်စရာ ကန့်သတ်ချက်ကို အဆုံးစွန်ထိ ကျော်လွန်လာပြီလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်မှာ တုံ့ပြန်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်ကို ကြီးမားတဲ့ စစ်လက်နက်တိုက်နဲ့ သိပ်ကိုအန္တရာယ်ကြီးတဲ့ စစ်ပွဲဇုန်အဖြစ် ပြောင်းလဲပစ်လိုက်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ကျော်ဟာ တောင်ကိုရီးယားနိုင်ငံမှာ အခြေစိုက်ထားတာ ဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ် မဟုတ်ဘဲ စစ်ရပ်ဆိုင်းခြင်းအနေနဲ့ ပြီးဆုံးသွားတဲ့ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲရဲ့ အကျိုးဆက်အဖြစ် ရှိနေတာဖြစ်ပါတယ်။

Up