ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် အမတ်ဟောင်း ၄၇ ဦးကို ရုံးတင်စစ်ဆေးမည်

အဖျက်အမှောင့်ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ လွှတ်တော်အမတ်ဟောင်း ၄၇ ဦးကို အနီးကပ်စောင့်ကြည့်နေတဲ့ အမျိုးသားလုံခြုံရေး ပြစ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုကို ဖေဖော်ဝါရီ ၆ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေး စွဲချက်အတွက် အပြစ်မရှိကြောင်း ဝန်ခံခဲ့တဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄၇ ဦးထဲက ၁၆ ဦးကို ၂၀၂၀ ခုနှစ်က တရားဝင်မဟုတ်တဲ့ ပဏာမရွေးကောက်ပွဲအတွက် ရက်ပေါင်း ၉၀ တရားခွင်စစ်ဆေးမှု လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။
သူတို့ထဲမှာ တက်ကြွလှုပ်ရှားသူ ဂေါ်ဒွန် အန်းင်၊ ခရိုင်ကောင်စီဝင်ဟောင်း ကလဲရစ္စ် ယန်းင်နဲ့ လွှတ်တော်အမတ်ဟောင်း လျန်ကွမ်းဟောင် တို့လည်း ပါဝင်ပါတယ်။
ဥပဒေပညာရှင် ဘန်နီ တိုင်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဂျော့ရွှာ ဝေါင်င်တို့ အပါအဝင် ကျန်တဲ့ ပူးတွဲတရားခံ ၃၁ ဦးဟာ အပြစ်ရှိကြောင်း ဝန်ခံထားပါတယ်။
အပြစ်မရှိကြောင်း ဝန်ခံချက် ပေးထားသူတွေကိုလည်း တရားရုံးက စီရင်ချက်ချပြီးနောက်မှာ သူတို့ကို အတူတကွ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။
တရားခံအများစုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းမှာ ဖမ်းဆီးပြီးနောက် အချုပ်ထဲမှာ ၂ နှစ်နီးပါး ရမန်ယူ ထိန်းသိမ်းထားပါတယ်။ လက်ရှိမှာ တရားခံ ၁၃ ဦးကို အာမခံနဲ့ လွှတ်ပေးထားပါတယ်။