close

တောင်တရုတ်ပင်လယ်ကျင့်ထုံး အတည်ပြုရန် တရုတ်နှင့်ဆွေးနွေးပွဲကို အရှိန်မြှင့်မည်

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဟာ အငြင်းပွား တောင်တရုတ်ပင်လယ်အတွက် ကျင့်ဝတ်ဆိုင်ရာ ကျင့်ထုံး (COC) ကို အပြီးသတ် အတည်ပြုဖို့  တရုတ်နဲ့ တခြားအရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေကို အရှိန်မြှင့်ဖို့ စီစဉ်နေကြောင်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်နို မာဆူဒီက ဖေဖော်ဝါရီ ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အင်ဒိုနိုင်ငံခြားရေး ဝန်ကြီးဟာ ဂျကာတာမှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ အပိတ်မိန့်ခွန်းမှာ ပြောခဲ့တာပါ။

အဖွဲ့ဝင်နိုင်ငံတချို့ဟာ ဒေသဆိုင်ရာ သဘောတူချက်တွေအရ တရုတ်နိုင်ငံနဲ့ ၂ နိုင်ငံဆက်ဆံရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြတာကြောင့် ရေလမ်းနဲ့ ရေကြောင်းဆိုင်ရာ အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဆိုပြုထားတဲ့ COC မူဘောင်ဆိုင်ရာ ညှိနှိုင်းမှုတွေက နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့တာပါ။ 

အင်ဒိုနီးရှားဟာ အခုနှစ်မှာတော့ COC ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေပြီး မတ်လမှာ ပထမဆုံး ကျင်းပသွားမှာ ဖြစ်ကြောင်း မာဆူဒီ က ပြောကြားခဲ့ပါတယ်။ 

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား နဲ့ ဘရူနိုင်း နိုင်ငံတွေဟာ သူတို့အားလုံး မဟာဗျူဟာမြောက် ရေလမ်းကြောင်းမှာ တရုတ်နိုင်ငံနဲ့ ပိုင်နက် ထပ်နေတဲ့အပေါ် အငြင်းပွားနေကြတာဖြစ်ပါတယ်။ 

Up