တောင်တရုတ်ပင်လယ်အရေး ကျင့်ဝတ်စံနှုန်းများချမှတ်နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်မည်ဟု အင်ဒိုနီးရှားပြော

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေရတဲ့ ပင်လယ်ရေပြင်ပိုက်နက်ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ကျင့်ဝတ်စံနှုန်းဆိုင်ရာ မူဘောင်တွေချမှတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းမယ့်ကိစ္စကို ဒီနှစ်ထဲမှာ ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားဖို့နဲ့ အငြင်းပွားနေရတဲ့ တောင်တရုတ်ပင်လယ်အရေးမှာ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကျင့်ဝတ်ဆိုင်ရာစံနှုန်းတွေ အပြီးသတ်ချမှတ်ဖို့ အင်ဒိုနီးရှားက စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၄ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးအပြီးမှာ ပြောကြားခဲ့တာပါ။
နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက “ကျင့်ဝတ်စံနှုန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့ ဆွေးနွေးခဲ့ကြပါတယ်။ အခြေခံကျပြီး၊ ထိရောက်သလို လက်တွေ့လိုက်နာ ဆောင်ရွက်နိုင်တဲ့ ကျင့်ဝတ်စံနှုန်း မူဘောင်တွေကို ညှိနှိုင်းသတ်မှတ် ဆွေးနွေးဖို့ အဖွဲ့ဝင်နိုင်ငံတွေက လိုလားနေကြတာကိုလည်း ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ ကျင့်ဝတ်စံနှုန်းတွေကို လိုက်နာဖော်ဆောင်နိုင်ရေးကိုလည်း အဖွဲ့ဝင်နိုင်ငံတွေက သန္နိဋ္ဌာန်ချထားကြပြီးသားဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အင်ဒိုနီးရှားဟာ ကျင့်ဝတ်စံနှုန်းတွေနဲ့ ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးပွဲ အမြောက်အမြားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ အဆင်သင့်ရှိနေပါတယ်”လို့ ပြောပါတယ်။
အာဆီယံ-အင်ဒို-ပစိဖိတ် ခေါင်းစဉ်အောက်က အရေးကြီးတဲ့ အစည်းဝေးပွဲတချို့ကို အင်ဒို-ပစိဖိတ်ဒေသအရေးမှာ အာဆီယံရဲ့ ရှုမြင်သုံးသပ်ချက်နဲ့ ကြိုးပမ်းဆောင်ရွက်ချက်အဖြစ် ဆွေးနွေးညှိနှိုင်းပွဲတွေဆောင်ရွက်လိုတဲ့ အင်ဒိုနီးရှားရဲ့ဆန္ဒကို အဖွဲ့ဝင်နိုင်ငံတွေအားလုံးက ထောက်ခံအားပေးကြတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်လို့လည်း ပြောပါတယ်။
ကျင့်ဝတ်စံနှုန်းဆိုင်ရာ အစည်းအဝေးတွေကို လာမယ့် မတ်လကနေစတင်ကာ အင်ဒိုနီးရှားက အိမ်ရှင်အဖြစ်လက်ခံဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဝန်ကြီး မာဆူဒီက ပြောပါတယ်။
တောင်တရုတ်ပင်လယ်အတွင်းက စီးပွားရေးဗျူဟာကျတဲ့ ပင်လယ်ရေလမ်းကြောင်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်းတို့က တရုတ်နိုင်ငံနဲ့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေခဲ့ကြတာဖြစ်ပါတယ်။