close

ပါတီမှတ်ပုံတင်မည့်ကိစ္စ ရက်ပိုင်းအတွင်း မွန်ညီညွတ်ရေးပါတီဆုံးဖြတ်မည်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့်ကိစ္စကို လာမယ့်ရက်ပိုင်းအတွင်း ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မွန်ညီညွတ်ရေးပါတီအနေနဲ့ မှတ်ပုံတင်ဖို့ အခက်အခဲရှိနေတာကြောင့် လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်သွားဖို့ စီစဉ်ထားတာပါ။

မှတ်ပုံတင်မယ့်ကိစ္စရပ်ကို ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် လတ်တလောမှာ ပါတီမှတ်ပုံတင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလို့ မရသေးဘူးလို့ နိုင်သန်းရွှေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီဥပဒေကြောင့် မွန်ညီညွတ်ရေးပါတီအနေနဲ့ တနိုင်ငံလုံး စည်းရုံးမယ့် ပါတီအဖြစ် မှတ်ပုံတင်ဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ရင် ပါတီမှတ်ပုံတင်တဲ့ ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တသိန်းရှိရမှာဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ရှိရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တခုအတွင်းသာ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တခုခုမှာ ငွေစာရင်းဖွင့်လှစ်ပြီးတဲ့ အထောက်အထား ရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နိုင်ငံရေးပါတီ ဥပဒေပုဒ်မ ၅(ဇ) မှာတော့ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့် ပါတီအနေနဲ့ ရက်ပေါင်း ၁၈၀ အတွင်း တနိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံး ထက်ဝက်မှာ ရုံးခန်းဖွင့်လှစ်ရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီဥပဒေကြောင့် နိုင်ငံရေးပါတီအများစု ပြည်ထောင်စုအဆင့်မှာ မှတ်ပုံတင်ဖို့ အခက်အခဲရှိနေသလို ပါတီအများစုဟာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တခုအတွင်းသာ မှတ်ပုံတင်ရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁၂ နေရာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတခု ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက် မွန်ပြည်သူတွေကြားမှာ ဝေဖန်ခံနေရတာပါ။

လက်ရှိမှာတော့ မွန်ညီညွတ်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာ ဗညားအောင်မိုးက စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ နိုင်လယိတမက မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Up