မင်းသမီးကြီး မီရှဲယိုလ် ရုပ်ရှင်လောကတွင် ထူးချွန်မှုအတွက် ဂုဏ်ပြုပေးအပ်သည့် Dilys Powell ဆုရရှိ

ဒီနှစ်မှာ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုအတွက် အော်စကာ ဆန်ခါတင်စာရင်း ဝင်ထားတဲ့ သရုပ်ဆောင် မင်းသမီးကြီး မီရှဲယိုလ်ဟာ ဖေဖော်ဝါရီ ၅ ရက်မှာ London Critics’ Circle ဆုပေးပွဲကို တက်ရောက်လာပြီး ရုပ်ရှင်လောကမှာ ထူးချွန်မှုအတွက်ဂုဏ်ပြုပေးအပ်တဲ့ Dilys Powell ဆုကိုလည်း မေဖဲလ်ဟိုတယ်မှာ လက်ခံရယူခဲ့ပါတယ်။
“Everything Everywhere All at Once” ဇာတ်ကားနဲ့ အော်စကာ ဆန်ခါတင်စာရင်းမှာ မီရှဲလ်ယိုလ် ပါဝင်လာတာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဟောလီးဝုဒ်ရုပ်ရှင်တခုအတွက် သရုပ်ဆောင်ကြေးအများဆုံး ရရှိခဲ့တဲ့ အသက် ၆၀ အရွယ် မင်းသမီးကြီးဟာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေအပေါ်မှာ စိတ်ဓာတ်တက်ကြွလာအောင် လှုံ့ဆော်နိုင်ခဲ့တာကြောင့် “အင်မတန် ဂုဏ်ယူမိတယ်” လို့ ပြောပါတယ်။
“အသက် ၄၀၊ ၅၀၊ ၆၀ ပြည့်နှစ်ထဲရောက်နေတဲ့ မျိုးဆက်ဟောင်းတခုက အမျိုးသမီးတွေ အနေနဲ့ ‘ငါတို့လည်း လုပ်နိုင်တယ်ဆိုတာ တွေ့လား’ လို့ နောက်ပြန်လှည့် ပြောနိုင်ရမှာပေါ့။ အသက်အရွယ် ကိန်းဂဏန်းတွေ ပိုများပြားလာတာနဲ့အမျှ ငါတို့ ရှောင်ဖယ်နေဖို့ မလိုအပ်ဘူး” လို့ သူက ပြောပါတယ်။
သရုပ်ဆောင် ဘီလ်နိုင်းက “Living” အမည်ရတဲ့ ဇာတ်ကားနဲ့အတူ တနှစ်တာအကောင်းဆုံး ဗြိတိန်/အိုင်းရစ် အမျိုးသားသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ဖလောရင့်စ်ပြူ့ ကတော့ တနှစ်တာအတွက် အကောင်းဆုံး ဗြိတိန်/အိုင်းရစ် အမျိုးသမီးသရုပ်ဆောင်ဆုကို ရယူနိုင်ခဲ့ပါတယ်။
နောက်ထပ် ဝါရင့်မင်းသမီးကြီး ကိတ်ဘလန်းချက် ပါဝင်သရုပ်ဆောင်ထားတဲ့ “Tar” ရုပ်ရှင်ဇာတ်ကားနဲ့ “The Banshees Of Inisherin” အမည်ရ ဇာတ်ကားတို့ဟာလည်း အော်စကာဆုအတွက် ထင်ကြေးပေးခံရပြီး တစ်ပြေးနေပါတယ်။