ထိုင်းလက်ဝှေ့နေ့အထိမ်းအမှတ် မွေထိုင်းလက်ဝှေ့သမားပေါင်း ၅၀၀၀ စံချိန်တင်ပါဝင် သရုပ်ပြ




ဖေဖော်ဝါရီ ၆ ရက် ဒီနေ့ ထိုင်းအမျိုးသားလက်ဝှေ့နေ့ အထိမ်းအမှတ်အဖြစ် Amazing MuayThai Festival 2023 လက်ဝှေ့ပွဲတော်ကြီးကို ပရကျူပ်ခီရီခန်ခရိုင် ဟွာဟင်မြို့ ရာချ်ဘတ်အမျိုးသားဥယျာဉ်ကြီးထဲမှာ ကျင်းပပါတယ်။
ဒီနေ့မရောက်ခင်ကတည်းက ကြည်းတပ်မတော်သား အများဆုံးပါဝင်တဲ့ လက်ဝှေ့သမား ၅၀၀၀ ကျော်ဟာ လက်ဝှေ့ဆရာပူဇော်ကန်တော့ပွဲနဲ့ ထိုင်းရိုးရာလက်ဝှေ့ထိုးနည်း ပုံစံအမျိုးမျိုးကို တညီတညာတည်း သရုပ်ဖော်ပြသဖို့ ကြိုတင်လေ့ကျင့်ခဲ့ပါတယ်။
မနေ့ကတော့ ထိုင်းရှေးခေတ်လက်ဝှေ့သမားတွေ ဝတ်ဆင်တဲ့ ဝတ်စုံဆင်တူနဲ့ ဝတ်စုံပြည့် အစမ်းလေ့ကျင့်ပွဲကို အပြီးသတ်ပြုလုပ်ခဲ့ရာမှာ ထိုင်း အမျိုးသားလက်ရွေးစင် မွေထိုင်း လက်ဝှေ့အကျော်အမော် နိုင်းဘိုးခေါဝ် ဘန်းချာ့မေ့ခ်ကိုယ်တိုင် ရှေ့ဆုံးကနေ သရုပ်ပြသခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ လက်ဝှေ့ပွဲနေ့အခမ်းအနား နှစ်စဉ်ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ လက်ဝှေ့ဆရာနဲ့ သင်တန်းသား/သူတွေ အင်အား ၅၀၀၀ နဲ့ ထူးခြားစွာ ကျင်းပပြီး ထိုင်းမှာ ပထမဆုံးလူအများဆုံး ပြိုင်တူသရုပ်ဖော်တဲ့ပွဲ ဖြစ်ပါတယ်။
ရှေးခေတ် လက်ဝှေ့သမားတို့ရဲ့ ဝတ်စုံ Amazing MuayThai Festival 2023 ဆိုတဲ့အမည်နဲ့ ကမ္ဘာကျော်သွားအောင်၊ အိုလံပစ်အားကစားပွဲမှာလည်း ထိုင်းရိုးရာ မွေထိုင်း လက်ဝှေ့ပြိုင်ပွဲ ထည့်သွင်းနိုင်အောင် ရည်ရွယ်တယ်လို့ နိုင်းဘိုးခေါဝ်က သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်းအရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မွေထိုင်း ဆိုတဲ့ ထိုင်းဘာသာကို မသုံးတော့ဘဲ ကွမ်းခမာ ဆိုတဲ့ ကမ္ဘောဒီးယားအမည်ကို ပြောင်းလဲခဲ့တာကြောင့် နှစ်နိုင်ငံ ပြည်သူတွေအကြား လူမှုကွန်ရက်မှာ လက်ဝှေ့မူပိုင်ကိစ္စ အငြင်းပွားနေကြပါတယ်။