close

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်အထိ ထပ်တိုးလာ

တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းနယ်စပ်မှာ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက် အနည်းဆုံး ၃၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ရာသီဥတုဆိုးရွားတဲ့ကြားက ဆက်လက်လုပ်ဆောင်နေကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့မနက်အစောပိုင်း လူတွေအိပ်နေချိန် တူရကီနိုင်ငံ ဂါဇီယံတပ်ပြည်နယ် နာဒါဂီမြို့အရှေ့ပိုင်းမှာ  ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိတဲ့ အင်အားပြင်း မြေငလျင်ကြီးလှုပ်ခတ်ခဲ့တာပါ။ 

ငလျင်ကြောင့် တူရကီနိုင်ငံမှာ လူပေါင်း ၁၇၀၀ ကျော်သေဆုံးပြီး ၉၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တူရကီ အစိုးရက ပြောကြားခဲ့ပြီး ဆီရီးယားမှာလည်း လူပေါင်း ၁၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ 

ငလျင်ကြောင့် ပျက်စီးပြိုကျတဲ့ အဆောက်အဦတွေအောက်မှာ အသက်ရှင်ကျန်ရစ်နေသူတွေကို ကယ်ဆယ်ဖို့  ကူညီကယ်ဆယ်ရေးလုပ်သားတွေက ကြိုးပမ်းနေကြသလို  နိုင်ငံတကာက ကူညီပေးကြဖို့ တူရကီအစိုးရက တောင်းခံခဲ့အပြီးမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကလည်း  အကူအညီတွေပေးပို့မယ်လို့ အသီးသီးကတိပြုထားကြပါတယ်။ 

ငလျင်ကြောင့် အဆောက်အဦပေါင်း အနည်းဆုံး ၅၆၀၀ ကျော် ပြိုကျပျက်စီးသွားတယ်လို့လည်း တူရကီ အေဂျင်စီက ပြောပါတယ်။

ငလျင်ကြီးဒဏ်ကို တူရကီ၊ ဆီးရီးယား၊ လက်ဘနွန်နဲ့ ဆိုက်ပရပ်စ်နဲ့ အစ္စရေးအပါအဝင် ဒေသတွင်းနိုင်ငံတွေက သန်းနဲ့ချီတဲ့ ပြည်သူတွေ သိရှိခံစားခဲ့ရတာဖြစ်ပါတယ်။

Up