ငွေကြေးသုံးစွဲမှုအပေါ် ဝေဖန်သူများကို ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာ တုံ့ပြန်

ချဲလ်ဆီးအသင်းရဲ့ငွေကြေးသုံးစွဲမှုအပေါ် ဝေဖန်သူတွေဟာ မနာလိုတဲ့စိတ်ကြောင့်ဖြစ်တယ်လို့ နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုနှစ်ရာသီမှာ ကစားသမား ခေါ်ယူမှုတွေအတွက် ပေါင်သန်း ၃၀၀ ကျော်အသုံးပြုခဲ့တာပါ။
ဘောလုံးကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေရှိသလို တချို့နည်းပြတွေရဲ့ ပြောဆိုချက်တွေလည်းရှိချိန်မှာ မနာလိုတဲ့စိတ်ကြောင့်ဖြစ်တယ်လို့ ဂရေဟမ်ပေါ်တာက ပြန်လည်ဝေဖန်ခဲ့တာပါ။
“မနာလိုစိတ်က ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ အဲဒီလိုစိတ်မထားဖူးဘူး။ ငွေကြေး သုံးစွဲတာတွေများလို့ဆိုပြီး ဝေဖန် မှုတွေရှိပေမယ့်လည်း စိုးရိမ်စရာတော့မရှိပါဘူး။ နည်းပြအများစုကတော့ ကျနော်တို့နေရာကို သဘောကျ ကြပါလိမ့်မယ်” လို့ ဂရေဟမ်ပေါ်တာကပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘင်ဖီကာအသင်းက အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၀၇ သန်းပေးပြီးခေါ်ယူခဲ့သလို တခြားကစားသမားတွေ အတွက် လည်း ပေါင်သန်း ၃၀၀ ကျော်တဲ့အထိ စံချိန်တင်ငွေကြေးသုံးစွဲခဲ့တာဖြစ်ပါတယ်။