close

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူ ၄,၃၀၀ ကျော်အထိ တိုးလာ

တူရကီနဲ့ ဆီးရီးယားနိုင်ငံနယ်စပ်မှာ  ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူ အယောက်  ၄,၃၀၀ ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။

ရာသီဥတုက အေးခဲနေပြီး လူထောင်ပေါင်းများစွာ ဒဏ်ရာရထားလို့ ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ အားထုတ်မှုတွေ နှောင့်နှေးနေပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြီးကြောင့် တူရကီနိုင်ငံရှိ လူနေတိုက်ခန်းတွဲတွေကို အလုံးလိုက်ပြိုကျပျက်စီးခဲ့ပြီး စစ်ဘေးဒဏ် နှစ်ချီသင့်နေတဲ့ ဆီးရီးယားပြည်သူ သန်းချီဟာလည်း ဒီငလျင်ကြောင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ငလျင်ကြီးလှုပ်ပြီး မွန်းလွဲပိုင်းမှာတော့ အင်အား ၇ ဒသမ ၇ ရှိတဲ့ နောက်ထပ်ငလျင်ကြီးတခု ထပ်ပြီး လှုပ်ခဲ့ပါသေးတယ်။

ဒီငလျင်ဒဏ်ကိုလည်း ဒေသတွင်းနိုင်ငံတွေကနေ ခံစားခဲ့ရပြီး အဆောက်အဦတွေလည်း အများအပြား ပြိုကျခဲ့တာပါ။ ဒါကြောင့် အပျက်အစီးတွေကြားက ထိခိုက်သေဆုံးသူတွေကို ဆွဲထုတ်ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေးသမားတွေကို အန္တရာယ်ဖြစ်စေခဲ့ပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ အလက်ပ်ပိုမြို့အနီး ရာဂျိုမြို့ငယ်လေးရှိ အဆောက်အအုံတွေဟာလည်း ဒီမြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး အဲ့ဒီ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ဖို့ အကူအညီပေးရေး အဖွဲ့ဝင်တွေက ကြိုးပမ်းနေကြပါတယ်။

ဒီကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ဗီဒီယိုထဲမှာ အရပ်သားပြည်သူတွေနဲ့ ကလေးသူငယ်တွေကို အဲ့ဒီဧရိယာကနေ ကယ်ထုတ်ဖို့ ကြိုးပမ်းနေကြသလို တချို့ကလည်း ဆေးကုသမှု ခံယူနေကြတာကို တွေ့ရပါတယ်။

အခုလို ငလျင်ဒဏ်ကို အပြင်းအထန် ခံစားလိုက်ရတဲ့ အလက်ပ်ပိုမြို့ နေထိုင်သူတချို့ဟာ အပျက်အစီးပုံတွေအောက်မှာ ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုလည်း ဆေးရုံတွေမှာ အစုလိုက်အပြုံလိုက် ပို့ဆောင်ထားတယ်လို့ ကျန်းမာရေးအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Up