close

အမေရိကန်တွင် နာဇီလက်သစ်ခေါင်းဆောင်ကို FBI ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့ရဲ့ မဟာဓာတ်အားလိုင်းကို တိုက်ခိုက်မခံရခင်မှာ နာဇီလက်သစ်ခေါင်းဆောင်တဦး အပါအဝင် လူ ၂ ဦးကို FBI က ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၆ ရက်မှာ ပြောပါတယ်။

ဖလော်ရီဒါမှ ဘရန်ဒန်ရပ်ဆဲလ်နဲ့ မေရီလန်းပြည်နယ်မှ ဆာရာ ကလန်ဒန်းနီယဲလ် တို့ကို ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာဝန်ရှိသူတွေက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

FBI ကတော့ ဒီလုပ်ကြံမှုဟာ လူမျိုးရေးအရ လှုံ့ဆော်တာဖြစ်တယ်လို့ ပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

ဘော်လ်တီမိုးမြို့မှာ နေထိုင်သူတွေရဲ့ ၆၂ ရာခိုင်နှုန်းလောက်ဟာ လူမည်းတွေဖြစ်ကြောင်း အမေရိကန် သန်းခေါင်စာရင်း အချက်အလက်တွေအရ သိရပါတယ်။

ရပ်ဆဲလ်ဟာ “လူ့အသိုင်းအဝိုင်း ပြိုလဲခြင်းကို ဦးတည်လုပ်ဆောင်နေတဲ့ Atomwaffen Division အမည်ရှိ နာဇီလက်သစ်အဖွဲ့ကို တည်ထောင်သူဖြစ်ကြောင်း” အမေရိကန်မုန်းတီးရေး အဖွဲ့တွေကို ခြေရာခံတဲ့ အရပ်ဘက်အခွင့်အရေး အဖွဲ့အစည်းဖြစ်တဲ့ Southern Poverty Law Center က ပြောပါတယ်။

“ကလန်ဒန်းနီယဲလ်နဲ့ ရပ်ဆဲလ်တို့ဟာ ဒီမြို့တမြို့လုံးကို လုံးဝဖျက်ဆီးပစ်ဖို့ ရည်ရွယ်ပြီးတော့ ဘော်လ်တီမိုးဧရိယာရှိ လျှပ်စစ်ဓာတ်အားခွဲရုံ အများအပြားကို ဖြိုလှဲဖို့ ပူးပေါင်းကြံစည် လုပ်ဆောင်နေတာ” လို့ မေရီလန်းပြည်နယ် ခရိုင်အတွက် အမေရိကန်ရှေ့နေ အဲရစ်ခ်ဘာရွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်တွေ ရပ်သွားပြီလို့လည်း ဆိုပါတယ်။

အနည်းဆုံး ၂၀၂၂ ခုနှစ် ဇွန်လကနေ လက်ရှိအချိန်ထိ ရပ်ဆဲလ်ဟာ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကလန်ဒန်းနီယဲလ်က ဒီမြို့ကို ဖျက်ဆီးပစ်မယ့် အစီအစဉ်ကို ကြံစည်အကွက်ချပြီး ရပ်ဆဲလ်က စီစဉ်ထားတဲ့ တိုက်ခိုက်မှုအတွက် လမ်းညွှန်ချက်နဲ့ တည်နေရာအချက်အလက်ကို ပေးခဲ့တယ်လို့ FBI ရဲ့ ဘော်လ်တီမိုးရုံးတာဝန်ခံ သောမတ်စ် ဆိုဘိုစင်စကီးက သတင်းထောက်တွေကို ပြောပါတယ်။

မြောက်ကာရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနားနဲ့ ဝါရှင်တန် အပါအဝင် တခြားပြည်နယ်တွေမှာ လူထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ရပြီး မကြာသေးခင်က လျှပ်စစ်ဓာတ်အားခွဲရုံတွေ ဖျက်ဆီးခံရပြီးနောက်မှာ ခုလို ဖမ်းဆီးခံရတာာပါ။ ဒီတိုက်ခိုက်မှုတွေရဲ့ ရည်ရွယ်ချက်ကိုတော့ မသိရသေးပါဘူး။

ဝါရှင်တန်ရှိတာကိုမာမြို့မှာ ခရစ္စမတ်ကာလဝန်းကျင်က လျှပ်စစ်ဓာတ်အားခွဲရုံ ၄ ရုံ ဖျက်ဆီးခံခဲ့ရပြီး သုံးစွဲသူ ၁၄,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ဆက်စပ်ပြီး လူ ၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီဇင်ဘာလမှာပဲ မြောက်ကယ်ရိုလိုင်းနားရှိ အဆောက်အအုံတခုမှာ ပြတ်တောက်မှုကို ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးက စုံစမ်းစစ်ဆေးချက်အရ နောက်ကွယ်မှာ ကြိုးကိုင်စီစဉ်မှုရှိကြောင်း သိရပါတယ်။

အဲဒီအချိန်က လူပေါင်း ၄၅,၀၀၀ လောက် ဓာတ်အားဆုံးရှုံးခဲ့ကြောင်း ဒေသရဲ့ လျှပ်စစ်ကုမ္ပဏီ Duke Energy Corp က ပြောပါတယ်။

ရက်ပိုင်းအကြာမှာပဲ FBI ဟာ တောင်ကယ်ရိုလိုင်းနားရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကိုလည်း စုံစမ်းစစ်ဆေးခဲ့ပါတယ်။

Up