အမေရိကန်ရောက် မိုးပျံလေပူဖောင်း အရပ်ဘက်ကိစ္စအဖြစ် ရည်ရွယ်ဟု တရုတ်ပြော

လက်တင်အမေရိကဒေသမှာ မြင်တွေ့ခဲ့ရတဲ့ မီးပုံးပျံသဏ္ဌာန် မိုးပျံလေပူဖောင်းဟာ တရုတ်နိုင်ငံက ဖြစ်ပြီး အရပ်ဘက်တာဝန်အတွက်သာ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဖေဖော်ဝါရီ ၆ ရက်မှာ တရားဝင် မှတ်ချက်ပေးပါတယ်။
ကိုလံဘီယာနိုင်ငံ လေတပ်ကလည်း ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းမှာ လေပူဖောင်း ဖြစ်နိုင်ခြေရှိတဲ့ အရာတခုကို ကာကွယ်ရေးစနစ်ထဲမှာ ထောက်လှမ်းတွေ့ရှိခဲ့ရကြောင်း ဖေဖော်ဝါရီ ၄ ရက်က အကျဉ်းချုပ် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်ကတော့ “ဒီလေသင်္ဘောဟာ ရည်ရွယ်ထားတဲ့ လမ်းကြောင်းကနေ သွေဖည်ပြီး လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသ ကောင်းကင်ထက်ကို ဝင်ရောက်သွားတာဖြစ်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်ဘက်က ဒီလေပူဖောင်းဟာ မိုးလေဝသနဲ့ တခြားသိပ္ပံဆိုင်ရာ ကိစ္စရပ်တွေအတွက် ရည်ရွယ်ထားတာဖြစ်သလို ဒါဟာ မတော်တဆဖြစ်ရပ်တခု ဖြစ်တယ်လို့လည်း အစောပိုင်းတုန်းက ငြင်းဆန်ထားပါတယ်။ အမေရိကန်ဘက်ကတော့ ဒါကို တရုတ်ထောက်လှမ်းရေး လေပူဖောင်းအဖြစ် သံသယရှိနေတာပါ။
အမေရိကန်လေပိုင်နက်ထဲကို ဒီလေပူဖောင်း ဝင်ရောက်လာပြီး တပတ်အကြာ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းလွန်တနေရာမှာ စစ်ဘက်သုံး ဖိုက်တာဂျက်လေယာဉ်နဲ့ ဒီလေပူဖောင်းကို ပစ်ချခဲ့ရတဲ့အတွက် သူလျှိုလုပ်တယ်ဆိုတဲ့ တရုတ်အပေါ် စွပ်စွဲချက်တွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။
ရုပ်ရှင်ဆန်ဆန် လူသိရှင်ကြားဖြစ်ခဲ့တဲ့ ဒီထောက်လှမ်းရေးဆိုင်ရာ ဖြစ်ရပ်ဟာ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပေဂျင်းကိုသွားရောက်ဖို့ စီစဉ်ထားတဲ့ အလည်အပတ် ခရီးစဉ်ကိုလည်း ဝါရှင်တန်ဘက်က ချက်ချင်းဖျက်သိမ်းခဲ့ပါတယ်။