close

ရုရှားသိမ်းပိုက်ထားသည့် ဒွန်းနက်စ်မြို့အနီး ယူကရိန်းက ဒုံးကျည်ဖြင့်ပစ်ခတ်

ယူကရိန်းကမ်းတက်တပ်ဖွဲ့ဟာ ရုရှားသိမ်းပိုက်ထားတဲ့ ဒွန်းနက်စ်မြို့ ဆင်ခြေဖုံးက မာရင်ခါမြို့နားမှာ ဖေဖော်ဝါရီ ၇ ရက်က ဂရဒ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဆိုဗီယက်ခေတ်က ဂရဒ်ဒုံးကျည်တပ်ရင်းရဲ့ တပ်မှူး လဗ်ဟန်က ရုရှားတပ်တွေဟာ မာရင်ခါမြို့နားက ယူကရိန်းတပ်စခန်းတွေကို စီးနင်းဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“သူတို့ဟာ ခြေလျင်တပ်စု သေးသေးတခုကို စီးနင်းခဲ့တယ်၊ ယူကရိန်းတပ်စခန်းတွေကို အမြောက်တွေနဲ့ အရင်လို မပစ်တော့ဘဲ နောက်ထပ် တဖြည်းဖြည်း ပိုပိုပြီး ချီတက်လာဖို့ ကြိုးစားနေတယ်” လို့ သူက ဆက်ပြောပါတယ်။

ကျန်ခဲ့တဲ့ ၂၄ နာရီဟာ ရုရှားတပ်တွေအတွက် စစ်ပွဲမှာ အသေအပျောက်အများဆုံး အချိန်ကာလ ဖြစ်ခဲ့တယ်လို့ ယူကရိန်းက အင်္ဂါနေ့မှာ ပြောပါတယ်။

ရုရှားအစိုးရဟာ ယူကရိန်းအရှေ့ပိုင်း စစ်မြေပြင်ဆီကို အသစ်စုဆောင်းထားတဲ့ တပ်တွေ ထောင်သောင်းချီ စေလွှတ်ခဲ့ပြီး ဆောင်းရာသီတိုက်ပွဲကို အရှိန်မြှင့် ထိုးစစ်ဆင်နေပါတယ်။

ယူကရိန်းရဲ့ အခိုင်အမာ ပြောဆိုချက်ကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။

ရုရှားကလည်း လတ်တလော သီတင်းပတ်တွေအတွင်း ယူကရိန်းစစ်သည် အများအပြား သေဆုံးခဲ့တယ်လို့ အခိုင်အမာ ပြောနေပါတယ်။ နှစ်ဖက်စလုံးကပြောတဲ့ ရန်သူ အသေအပျောက်စာရင်းက ယုံကြည်စိတ်ချရမှု မရှိဘူးလို့ ရှုမြင်ကြပါတယ်။

ယူကရိန်းအစိုးရကတော့ နောက်ဆုံးတိုက်ပွဲတွေရဲ့ အသေးစိတ် အချက်အလက် နည်းနည်းကို ကမ်းလှမ်းခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲက ဒုတိယနှစ်ထဲဝင်လာပြီး ရုရှားအစိုးရက လက်ဦးမှုပြန်ရဖို့ ကြိုးစားနေပါတယ်။ ယူကရိန်းအစိုးရကတော့ အနောက်နိုင်ငံတွေက ပေးထားတဲ့ တင့်ကားတွေနဲ့ တန်ပြန်ထိုးစစ်ကို ၂၀၂၃ ခုနှစ် နောက်ပိုင်းမှာ ထိုးစစ်ဆင်နိုင်ဖို့ တင်းခံနေပါတယ်။

Up