ကနေဒါတွင် နေ့ကလေးထိန်းစင်တာထဲ ဘတ်စ်ကားဝင်တိုက်ပြီး ကလေး ၂ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ဧရိယာ ဆင်ခြေဖုံးရှိ လာဗယ်လ်မြို့မှာ ဖေဖော်ဝါရီ ၈ ရက် မနက်က နေ့ကလေးထိန်းစင်တာထဲကို ဘတ်စ်ကားတစီး ဝင်တိုက်လို့ ကလေးငယ် ၂ ဦး သေဆုံးကာ တခြား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ကလေးတွေကို သူတို့မိဘတွေက နေ့ပိုင်းစောင့်ရှောက်ရေးစင်တာတွေကို လာပို့နေကျအချိန် မနက် ၈ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာပါ။
အခင်းဖြစ်ပွားရာနေရာကို ရဲကားတွေ၊ အရေးပေါ်ကယ်ဆယ်ရေးသမားတွေနဲ့ အရေးပေါ် လူနာတင်ယာဉ်တွေ အများအပြား အပြေးအလွှား ရောက်ရှိလာကြပါတယ်။
ဘတ်စ်ကားဝင်တိုက်မှုဖြစ်ရတဲ့ အခြေအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဆေးရုံကို ပို့ဆောင်ထားတဲ့ ကလေး ၆ ဦးကတော့ အသက်အန္တရာယ်မရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အာဏာပိုင်တွေဟာ ကလေးတွေရဲ့ အသက်တွေကို အတည်မပြုထားပေမဲ့ ရေဒီယို-ကနေဒါရဲ့ အဆိုအရ အဲဒီနေ့ကလေးထိန်းကျောင်းမှာ အသက် ၅ နှစ်အောက် ကလေး အယောက် ၈၀ လောက် တက်ရောက်နေကြတာပါ။
လာဗယ်မြူနီစပယ်ဧရိယာရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်က အသက် ၅၁ နှစ်အရွယ် ဘတ်စ်ကားယာဉ်မောင်းကို လူသတ်မှုနဲ့ မဆင်မခြင်မောင်းနှင်မှုတွေအတွက် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက အတည်ပြု ပြောပါတယ်။
ကားသမားဟာ ယာဉ်မောင်းလောကမှာ ၁၀ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး ပြစ်မှုမှတ်တမ်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားပြီး စစ်ဆေးမေးမြန်းနေချိန်အတွင်း အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။
မြို့တော် အော်တာဝါမှာတော့ ကနေဒါနိုင်ငံ အောက်လွှတ်တော်ဟာ ဒီဖြစ်ရပ်ဆိုးအတွက် တမိနစ်တာ တိတ်ဆိတ်မှုနဲ့ ငြိမ်သက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုးက မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးသမားတွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မိသားစုတွေဟာ မထင်မှတ်နိုင်တဲ့ ဆင်းရဲဒုက္ခတွေကို ဖြတ်သန်းနေရမှာကြောင့် အစိုးရအနေနဲ့ သူတို့ကို နေ့ရက်တွေ၊ လတွေ၊ နှစ်တွေမှာ ထောက်ပံ့ကူညီသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။