မက္ကဆီကိုက နှင်ထုတ်ခဲ့သည့် အရွယ်မရောက်သေးသူ ၉၈ ဦးကို ဂွါတီမာလာ လက်ခံ

မက္ကဆီကိုနိုင်ငံက နှင်ထုတ်ခဲ့တဲ့ အဖော်မပါတဲ့ အရွယ်မရောက်သေးသူ ၉၈ ဦးကို ဂွါတီမာလာစီးတီးရှိ ဂွါတီမာလာ လေတပ်စခန်းမှာ ဖေဖော်ဝါရီ ၇ ရက်က ဂွါတီမာလာ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ (IGM) အဖွဲ့ အာဏာပိုင်တွေက လက်ခံခဲ့ပါတယ်။
မက္ကဆီကို အာဏာပိုင်တွေဟာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြား ယောက်ျားလေးတွေ အများစုဖြစ်ကြတဲ့ အဖော်မပါ အရွယ်မရောက်သေးသူ ၅၇ ဦး အပါအဝင် ထရပ်ကားနဲ့ ခရီးသွားတဲ့ ဂွါတီမာလာက ရွှေ့ပြောင်းနေထိုင်သူ ၆၇ ဦးကို တွေ့ရှိခဲ့တာပါ။ သူတို့အားလုံးမှာ သင့်လျော်တဲ့ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ ဘာခွင့်ပြုချက်မှ မရှိကြဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၆ ရက်ကလည်း မက္ကဆီကို အာဏာပိုင်တွေဟာ မြောက်ပိုင်း ချီဟွာဟွာပြည်နယ်မှာ လူပြည့်နေတဲ့ ထရပ်ကားတစီးထဲမှာ အရွယ်မရောက်သေးသူ ၂၈ ဦးကို တွေ့ရှိခဲ့တာပါ။
ကလေးတွေရဲ့ ဆွေမျိုးသားချင်းတွေကို အာဏာပိုင်တွေ ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ရဲ့ မိသားစုတွေဆီ ပြန်လွှဲပြောင်းပေးနိုင်ဖို့ လုပ်ဆောင်နေကြောင်း IGM ဒါရိုက်တာ စကျူးဝါ့ဒ် ရိုဒရီဂွက်ဇ်က ပြောပါတယ်။
အရွယ်မရောက်သေးတဲ့ ၂၈ ဦးကိုတော့ လေယာဉ်နဲ့ ခေါ်ဆောင်လာတာဖြစ်ပြီး အဲဒီအုပ်စုမှာ ကျန်သူတွေကတော့ လေယာဉ်နဲ့လာတာမဟုတ်လို့ ဒီကို ကြာသပတေးနေ့မှ ရောက်ရှိမယ်လို့လည်း သူကဆိုပါတယ်။
ဒီအရွယ်မရောက်သေးသူတွေရဲ့ ရှာတွေ့ထားတဲ့ မိသားစုတွေကိုလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနကနေတဆင့် နေရာချပေးနေတာဖြစ်ပြီး သူတို့တွေကို အမှန်တကယ် ဆွေမျိုးတွေ ဟုတ် မဟုတ် သေချာသိရှိနိုင်ဖို့ PGN (ရှေ့နေချုပ်ရုံး) နဲ့ လူမှုဝန်ထမ်း အတွင်းရေးမှူးရုံးတို့က လေ့လာမှုတခု လုပ်ဦးမယ်လို့လည်း ဆိုပါတယ်။