close

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာသဘောတူညီချက် ဂျပန်နှင့်ဖိလစ်ပိုင်လက်မှတ်ထိုး

တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန် နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးအတွက် ရှေ့ပြေး နိမိတ်အဖြစ် ရှုမြင်တဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၉ ရက်မှာ ဂျပန်နဲ့ ဖိလစ်ပိုင် ခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။

ဖှာဒီနန် မားကို့စ် ဂျူနိယာက“ကျနော်တို့ရဲ့ တွေ့ဆုံမှုအပြီး ကျနော်တို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဟာ အရင်ကထက် ပိုမိုခိုင်မာတယ်လို့ စိတ်ချယုံကြည်မှု ရှိရှိ ပြောနိုင်ပါတယ်”လို့ ဖိလစ်ပိုင်သမ္မတ ပြောခဲ့ပါတယ်။

အကိုးအကား စည်းကမ်းချက်တွေလို့ခေါ်တဲ့ အဲဒီ သဘောတူညီချက်ထဲမှာ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နှစ် နိုင်ငံတွေရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ဘယ်လို အတူတကွ လက်တွဲဆောင်ရွက်မလဲဆို ဖော်ပြထားပါတယ်။

ဇူလိုင်လမှာ မားကို့စ် သမ္မတ ရာထူးတာဝန်ယူပြီးတဲ့နောက် ပထမဆုံးအကြိမ်ဖြစ်တဲ့ မားကို့စ်ရဲ့ တိုကျိုမြို့တော်ဆီ တရားဝင်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုး နိုင်ခဲ့တာဖြစ်ပြီး “နှစ်နိုင်ငံစလုံးရဲ့ ပူးတွဲလေ့ကျင့်ရေး လုပ်ငန်းစဉ်ကို အားကောင်းချော မွေ့စေဖို့ မူဘောင်တစ်ခုကိုလည်း စဉ်းစားနေပါတယ်”လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခိရှိဒါ့က တိုကျိုမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

သူ့ရဲ့ဂျပန်ခရီးစဉ်ဟာ တခြားကိစ္စရပ်တွေထက်စာရင် ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ အရင်ကပြောခဲ့တဲ့ မားကို့စ်ဟာ ဖိလစ်ပိုင်မှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေဆီ အမေရိကန်ပြည်ထောင်စုကို ပိုမိုဝင်ရောက်ခွင့်ပေးဖို့ လွန်ခဲ့တဲ့ သီတင်းပတ်က သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

Up