close

ယူကရိန်းကို လက်နက်များဆက်ပေးမည့်အပေါ် ဝေဖန်မှုများအား အီတလီဝန်ကြီးချုပ် ပယ်ချ

အီတလီနိုင်ငံဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီဟာ ယူကရိန်းကို လက်နက်တွေဆက်ပေးပို့မယ့် သူ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေကို ဖေဖော်ဝါရီ ၁၀ ရက်က ပယ်ချခဲ့ပြီး ကိယက်ဗ်ကို ထောက်ပံ့ပေးနေသူတွေဟာ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေကြတာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ 

“ယူကရိန်းကို မကူညီသင့်ဘူးလို့ ပြောဆိုနေသူတွေဟာ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်မှုကို ဆန့်ကျင်လုပ်ဆောင်နေတာ” လို့ အီးယူအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ တခုမှာ မယ်လိုနီ က ပြောခဲ့တာပါ။ 

ပြင်သစ်နိုင်ငံနဲ့အတူ ပူးပေါင်းပို့ဆောင်မယ့် SAMP/T ဒုံးကျည်ကာကွယ်ရေးစနစ်ကို ယူကရိန်းအတွက် ထောက်ပံ့ပေးဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို လာမယ့်ရက်တွေအတွင်း ကြေညာနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။ 

အီးယူနဲ့နေတိုး အဖွဲ့ဝင် လစ်သူယေးနီးယားစစ်တပ်ကလည်း Bofors L70 လေယာဉ်ပစ်အမြှောက် ဒါဇင်ပေါင်းများစွာကို ယူကရိန်းဆီ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေကြောင်း နိုင်ငံရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှာ အတည်ပြုထုတ်ပြန်ပါတယ်။ 

လစ်သူယေးနီးယား စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျာဂစ် နော်ဗေဆာက ဒီသေနတ်ကြီးတွေဟာ မောင်းသူမဲ့ ဒရုန်းတွေအပြင် မောင်းသူပါ လေယာဉ်တွေအပါအဝင် လေကြောင်းကနေ ခြိမ်းခြောက်မှုတွေကို ဖျက်ဆီးပစ်ဖို့ ယူကရိန်းစစ်တပ်အတွက် အကူအညီပေးမှာဖြစ်ပြီး ဒီအမြောက်တွေကို အသုံးပြုမယ့် ယူကရိန်းစစ်သားတွေကိုလည်း လစ်သူယေးနီးယားက လေ့ကျင့်ပေးထားပြီးပြီ လို့ ဆိုပါတယ်။ 

လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Bofors က ဒီ L-70 လေယာဉ်ပစ်လက်နက်တွေကို ဆွီဒင်နိုင်ငံမှာ တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီလက်နက်တွေဟာ အကွာအဝေး ၃ မိုင်ကျော်က ပစ်မှတ်တွေကို အလိုအလျောက် ချိန်ရွယ်ကာ ပစ်ချနိုင်တယ်လို့ သိရပါတယ်။

လစ်သူယေးနီးယားဟာ ယူကရိန်းအတွက် ယူရိုငွေ ၁၂၅သန်းတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီ ပေးသွားဖို့ ကတိပြုထားကြောင်း ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရိုက်တာစ်သတင်းဌာနကို ဖြေဆိုပါတယ်။

Up