မော်လ်ဒိုဗာအစိုးရအဖွဲ့ နုတ်ထွက်ပြီး နာရီပိုင်းအကြာ ဝန်ကြီးချုပ်သစ်ကို သမ္မတ ခန့်အပ်

မော်လ်ဒိုဗာနိုင်ငံသမ္မတ မိုင်ယာဆန်းဒူဟာ အရင်အစိုးရအဖွဲ့နှုတ်ထွက်အပြီး နာရီပိုင်း အကြာမှာတင် သူရဲ့ ကာကွယ်ရေးဆိုင်ရာအကြံပေး ဒိုရင်းရီးဆန်ကို ဖေဖော်ဝါရီ ၁၀ ရက်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေကို လိုလားတဲ့ သမ္မတ မိုင်ယာဆန်ဒူ ကိုယ်တိုင် ဒီခန့်အပ်မှုကို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကြေညာခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့် ရီးဆန်းဟာ မော်လ်ဒိုဗာနိုင်ငံ လုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူးဖြစ်သလို ပြည်ထဲရေးဝန်ကြီးဟောင်း တဦးလည်း ဖြစ်ပါတယ်။
“အစိုးရအသစ်အနေနဲ့ နိုင်ငံရဲ့ လုံခြုံအဆင့်အတန်းမြင့်မားအောင် လုပ်ဆောင်ရမှာဖြစ်ပြီး ကမ္ဘာပေါ်က လွတ်လပ်တဲ့နိုင်ငံတွေကြားမှာ မော်လ်ဒိုဗာနိုင်ငံကို ထိန်းသိမ်းရမှာပါ။ စစ်ပွဲတွေနဲ့အတူ ထိတ်လန့်ကြောက်ရွံ့ရမှုတွေက အိမ်နီးချင်းနိုင်ငံတွေမှာ ရှိနေဆဲပါပဲ။ ဒါကြောင့် နိုင်ငံသားတွေရဲ့ စိုးရိမ်ကြောင့်ကြမှုက ကြီးမားနေဆဲဖြစ်တဲ့အတွက် ဒီအပေါ်မှာ အစိုးရအနေနဲ့ စေ့စပ်သေချာတဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ ရှင်းလင်းပြတ်သားတဲ့ သတင်းအချက်အလက်တွေနဲ့ အတူ ပြည်သူလူထုကို တုံ့ပြန်ရမှာဖြစ်ပါတယ်။ မော်လ်ဒိုဗာသမ္မတနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံတွေကြားက ဆက်ဆံရေးကိုလည်း ပိုခိုင်မာအောင် ကြိုးပမ်းရမှာဖြစ်တယ်”လို့ သမ္မတက ပြောသွားပါတယ်။
ရီးဆန်းဘက်ကလည်း သူအနေနဲ့ မော်လ်ဒိုဗာနိုင်ငံအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ရီးဆန်းအစိုးရရဲ့ ဦးစားပေးမှုတွေထဲမှာ စည်းကမ်းရှိမှုနဲ့ အစီအစဉ်ကျနမှုတို့ အပါအဝင် စီပွားရေးဆိုင်ရာ လောကအသစ်တခုကို တည်ဆောက်ဖို့အပြင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုတို့ ပါဝင်တယ်ဆိုပြီး ဝန်ကြီးချုပ်အသစ်က ဖြည့်စွက်ပြောပါတယ်။