close

တရုတ်သမ္မတနှင့် ကမ္ဘောဒီယားဝန်ကြီးချုပ်တို့ လုံခြုံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စများဆွေးနွေး

ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ဟာ တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင်နဲ့ ဖေဖော်ဝါရီ ၁၀ ရက် က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး လုံခြုံရေးကဏ္ဍကနေ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေအထိ ဆွေးနွေးခဲ့ ကြတယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံက သတင်းဖော်ပြခဲ့ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအတွက် မမှိတ်မသုန်ထောက်ခံမှုကို ရှီက ဖော်ပြခဲ့တယ်လို့ဆိုကာ ကမ္ဘောဒီယားနိုင်ငံမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေကိုလည်း ရင်းနှီးမြှင့်နှံမှုတိုးမြှင့်ကြဖို့ ရှီက တိုက်တွန်းပြောဆိုခဲ့ ကြောင်း သိရပါတယ်။

ဟွန်ဆန်အနေနဲ့လည်း တရုတ်သမ္မတဆီက စီးပွားရေးနဲ့နိုင်ငံရေးဆိုင်ရာ အကူအညီတွေအတွက် အာမခံချက်များစွာရှိခဲ့တယ်လို့ စီစီတီဗီသတင်းဌာနမှာ ဖော်ပြထားပါတယ်။ 

ဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဟွန်ဆန်က တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့ပေးမှုကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို ဒီခေါင်းဆောင် ၂ ဦး ကြားမှာ အစိမ်းရောင် စွမ်းအင်ဆိုင်ရာ နောက်ထပ်စီမံကိန်းတွေတည်ဆောက်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

အာရှတိုက်က အဆင်းရဲဆုံးနိုင်ငံတွေထဲမှာပါဝင်တဲ့ ကမ္ဘောဒီယားဟာ မကြာ သေးမီနှစ်တွေအတွင်း တရုတ်အတွက် အရေးပါတဲ့မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် ရှိနေပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှာ သဘောတူညီမှု အပေါ်အခြေခံတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ တရုတ်နိုင်ငံဆီက စီပွားရေးထောက်ပံ့မှုကို ရရှိဖို့ ကမ္ဘောဒီယား နိုင်ငံက ဗီတိုအခွင့်အာဏာကို အသုံးချနေတယ်ဆိုပြီး စွပ်စွဲခံ ထားရတာပါ။

ကမ္ဘောဒီယားနိုင်ငံဘက်ကတော့ ဒီအပေါ်မှာ ငြင်းဆန်ထားသလို နိုင်ငံခြားရေးမူဝါဒဟာလည်း တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိမနေဘူးလို့တော့ အခိုင်အမာပြောဆိုပါတယ်။ 

Up