ဗြိတိန်တွင် ခိုလှုံခွင့်တောင်းသူများ၏ ဆန္ဒပြပွဲ အကြမ်းဖက်မှုအသွင်ဆောင်လာ

ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူတွေကို နေထိုင်ခွင့်ပေးထားတဲ့ ဟိုတယ်တစ်ခုအပြင်ဘက်က ဆန္ဒပြပွဲဟာ အကြမ်းဖက်မှု အသွင်ဆောင်လာတာကြောင့် ဖေဖော်ဝါရီ ၁၀ ရက်မှာ ရဲတပ်ဖွဲ့က လူ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
လူမှုကွန်ရက်ပေါ်က ဗွီဒီယိုထဲမှာ ညအချိန်ကြီး မီးလောင်နေပြီး မီးခိုငွေ့တွေနဲ့အတူ အနီးအနား တစ်ဝိုက်မှာ လူတွေရပ်နေကြတာကို တွေ့ရပါတယ်။
ဒါဟာ အင်္ဂလန်နိုင်ငံအနောက်မြောက်ပိုင်း လီဗာပူးလ် မြို့နားက နိုစလေမြို့မှာ ငြိမ်းချမ်းတဲ့ ကနဦးဆန္ဒပြမှုနဲ့အတူ တန်ပြဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့အပြီး ဆန္ဒပြသူတွေက ရဲအရာရှိတွေ ဘက်ကို မီးကျည်တွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ရဲကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။
“ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်ကို အမြဲလေးစားပါတယ်။ ဒါပေမယ့် ဒီနေ့ညက ဖြစ်ရပ်တွေကတော့ လုံးဝလက်မခံ နိုင်စရာပါပဲ၊ အဲ့ဒီနေရာမှာရှိနေသူတွေနဲ့ ကျနော်တို့ ရဲအရာရှိတွေ အပါအဝင် ပိုမိုကျယ်ပြန်တဲ့ လူမှုဝန်းကျင်ကိုပါ အန္တရာယ်ဖြစ်စေခဲ့တာပါ၊ ဆိုးဆိုးဝါးဝါး ထိခိုက် ဒဏ်ရာရတာ မျိုးတော့ အခုချိန်အထိ သတင်းမရရှိသေးပါဘူး။ ဒါပေမယ့် ပြည်သူလူထုကိုကာကွယ်ဖို့ တာဝန်ကျ နေတဲ့ ရဲအရာရှိတွေနဲ့ ရဲကားတွေကိုပါ ထိခိုက်စေတာမျိုးကတော့ အရှက်ရစရာပဲ”လို့ မာဆေး ဆိုဒ်နယ်မြေခံရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ဖြစ်သူ ပေါလ်ဝိုက် က ပြောပါတယ်။
အဲ့ဒီနယ်မြေက ဒေသဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ နိုစလေကောင်စီက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကစလို့ ခိုလှုံခွင့်တောင်းခံသူတွေနေထိုင်တဲ့ ဟိုတယ်အပြင်ဘက်မှာ ဒီလိုဆန္ဒပြမှုတွေ ဖြစ်နေတယ်လို့ မှတ်ချက်ပေးပါတယ်။
အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ဗြိတိန်နိုင်ငံကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအခြေချသူ အရေအတွက် မြင့်တက်လာတာကြောင့် အစိုးရအနေနဲ့ ဒီလူတွေအတွက် ခိုလှုံခွင့်လျှောက်ထားဖို့ လုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံတဝန်းက ဟိုတယ်တွေကို ယာယီနေရာထိုင်ခင်းအဖြစ် အသုံးပြုနေခဲ့တာပါ။
လက်ရှိဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ရဲ့ ဦးစားပေးအစီအစဉ်တွေထဲမှာ တရားမဝင် ရွှေ့ပြောင်း အခြေချမှုတွေကို နှိမ်နင်းဖြိုခွင်းဖို့ ပါဝင်ပြီး အစိုးရအနေနဲ့လည်း ဒီပြဿနာကိုဖြေရှင်းနိုင်ရေး ဥပဒေအသစ်ရေးဆွဲဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။