close

ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာသူအချို့ သေဆုံးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုက စွန့်ပစ်မြေစာပုံဟာ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ ကုဋေရွာမှာရှိတဲ့ ကျောက်စိမ်း စွန့်ပစ်မြေစာပုံ ပြိုကျကာ ရေမဆေးကျောက် ရှာသူတချို့ မြေစာပုံပိပြီး သေဆုံး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး လူအရေအတွက် အတိအကျကိုတော့ မသိရသေးဘူး။

ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦးက “ည ၁၀ နာရီခွဲလောက်က မြေစာပုံပြိုကျတာ။ အောက်မှာလည်း ရေမဆေး ရှာဖွေနေသူတွေရှိတော့ သူတို့တွေ မြေစာပိပြီး သေဆုံးထိခိုက်တာ ရှိတယ်။ အခု အလောင်း နှစ်လောင်း ရထားပြီ။ ဒဏ်ရာရသူ ၄ ဦးကိုလည်း ဆေးရုံပို့ပေးထားတယ်။ ဆက်ပြီးလည်း ရှာဖွေကယ်ဆယ်ရေး လုပ်နေပါတယ်” လို့ ပြောပါတယ်။

မြေစာပုံပြိုကျတဲ့ အချိန်မှာ ရေမဆေးကျောက် ရှာဖွေနေသူတွေ ရှိတဲ့အတွက်  သေဆုံး ဒဏ်ရာရသူ ၁၅ ယောက်ထက်မနည်း ရှိနိုင်တယ်လို့လည်း  သူက ခန့်မှန်းပြောပါတယ်။

ဖားကန့်မြို့ နန့်မှော်ကျေးရွာက ကျောက်စိမ်းလုပ်ကွက်ဟောင်းတခုမှာ ဇန်နဝါရီ ၃၀ ရက်ကလည်း ပေ ၁၀၀ လောက်ရှိတဲ့ ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ အမျိုးသား ၄ ယောက် သေဆုံးခဲ့ပါတယ်။

Photo- တာလင်းမောင်

Up