close

စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များ လက်နက်ကိုင်ဆောင်ခွင့် အများဆုံး လျှောက်ထား

လိုင်စင်၊ ပါမစ်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကဲတွေက အများဆုံးလျှောက်ထားကြတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်က အမိန့်အမှတ် (၅၄/၂၀၂၃) နဲ့ ထုတ်ပြန်ကြေညာခဲ့တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူထွက်လာပြီးနောက် လိုင်စင်၊ ပါမစ်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို လျှောက်ထားသူများလာတယ်လို့  ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အရင်ကတည်းက တပ်ကအငြိမ်းစားယူထားတဲ့ အရာရှိကြီးတွေဆီမှာ လိုင်စင်နဲ့လက်နက်က ရှိပြီးသား တခြားသူတွေလည်း ထုတ်ပေးချင်လို့ ထပ်ပြီးအမိန့်ထုတ်တာ အခု တောင် လျှောက်တဲ့သူတွေ အများကြီး ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီက အကြီးအကဲတွေ။”

ရွေးကောက်ပွဲမတိုင်မီ အရပ်သားနဲ့ အစိုးရဝန်ထမ်းတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကို စစ်ကောင်စီကထုတ်ပြန်ခဲ့တာဟာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးအတွက် တစ် ဖက်တစ်လမ်းက အထောက်အကူပြုစေတယ်လို့  နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။ 

"သူ့အစီအစဥ်နဲ့သူ စစ်တပ်က လုပ်ပြီးသား၊ စစ်တပ်က ပြည်ခိုင်ဖြိုးအနိုင်ရအောင် ကူညီနေတာ ပါတီမှတ်ပုံတင်ခွင့်ဥပဒေ ထွက်လာတယ်။ ပါတီတွေ ဟာကနဲ ဟင်ကနဲဖြစ်သွားတယ်။ မကြာဘူး လက်နက်ကိုင်ဆောင်ခွင့်ထွက်လာတယ်။ စည်းရုံးရေးအတွက်။”

စစ်အာဏာသိမ်းတာ ၂ နှစ်ပြည့်ပြီးနောက် ခြောက်လသက်တမ်းထပ်မတိုးမီ ဒီဇင်ဘာလအတွင်း နေပြည်တော်မှာ စစ်ခေါင်းဆောင်တွေတွေ့ဆုံပြီးနောက် အဆိုပါဥပဒေကို ဇန်နဝါရီလ မှာ တပ်အတွင်းနဲ့ ဌာနဆိုင်ရာအတွင်းမှာ ဖြန့်ဝေခဲ့တာလို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။ 

"တစ်ချက်ခုတ်သုံးချက်ပြတ်ပဲ၊ တပ်ရဲ့လှည့်ကွက်က ပြည်သူ့စစ်တွေ ထောက်ပံ့ပြီးသားဖြစ်မယ်။ ပါတီတွေလည်း ကိုယ့်လုံခြုံရေးကိုယ်ယူ၊ ပစ်ခတ်မှုဖြစ်လာရင် စစ်တပ်ဘက်က ဝိုင်းပစ်ပေး။ ဒါတွေက ဗိုလ်ချုပ်ဟောင်းတချို့နဲ့ ခရိုနီတွေအတွက်ပဲ သေနတ်ကိုင်တဲ့သူတိုင်း အလိုလိုပြည်သူ့ စစ်ဖြစ်လာမယ်"လို့ ပြောပါတယ်။ 

သေနတ်ကိုင်ဆောင်ခွင့်မှာ လိုင်စင်၊ ပါမစ်နှစ်မျိုးရှိရာ အရပ်သားတွေမှာ လိုင်စင်အမျိုးအစားသေနတ်ကိုင်ဆောင်ခွင့်ရှိပြီး ဒေသန္တရလုံခြုံရေးအဖွဲ့၊ ပြည်သူ့စစ်နဲ့ သောင်းကျန်း သူဆန့်ကျင်ရေး အဖွဲ့အစည်းတွေကို ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေနတ်ကိုင်ဆောင်လိုသူတွေအနေနဲ့  အသက် ၁၈ နှစ်ပြည့်ရမှာဖြစ်ပြီး နိုင်ငံတော်အပေါ်သစ္စာရှိသူဖြစ်ရမယ်ဆိုတဲ့ အချက် ၇ ချက်အပါအဝင် လိုက်နာရန် တာဝန် ၅ ချက် လည်း ဖော်ပြထားပါတယ်။

လိုင်စင်နဲ့ခွင့်ပြုမယ့်သေနတ်တွေကတော့ ပွိုင့် ၃၈ လက်မနဲ့ ဒီထက်ပြောင်းဝငယ် ဆုံလည်သေနတ်၊ ပွိုင့် ၃၈ လက်မ(သို့မဟုတ်) ၉ မီလီမီတာ(9mm)၊ ဒီထက်ပြောင်းဝငယ်  ပစ္စတိုသေနတ်၊  ၁၂ ဘို့နဲ့ ပြောင်းချောသေနတ်၊ ပွိုင့် ၂၂ လက်မနဲ့  ဒီထက်ပြောင်းဝကျယ် အမဲလိုက်သေနတ်၊ လေသေနတ်တို့ ဖြစ်ပါတယ်။ 

ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် ​သေနတ်တွေကတော့  ပွိုင့် ၃၈ လက်မ(သို့မဟုတ်) ကိုးမီလီမီတာ(9mm)နဲ့ ဒီထက်ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်၊ စက် သေနတ်ကလေးအုပ်စုဝင်သေနတ်တွေ ဖြစ်ပါတယ်။

ဒီလိုသေနတ်တွေသာကိုင်ဆောင်ခွင်ပြုမယ်ဆိုပါက ခိုး၊ ဆိုး၊ လုယက်မှုတွေ ပိုမိုကြီးထွားလာမှာကို စိုးရိမ်နေတယ်လို့ လှိုင်သာယာမြို့ခံတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"လှိုင်သာယာမှာဆို လမ်းမကြီးပေါ်မှာတောင် ဓားနဲ့ထိုးသတ်ပြီး အေးဆေးလမ်းလျှောက်သွားတာ သေနတ်သာအဲ့လို ကလေကချေတွေလက်ထဲရောက်လို့ကတော့ သေလိုက်မယ့်သူတွေ၊ ဖြစ်လိုက်မယ့် လုယက်မှု၊ ဓားပြမှုတွေ မတွေးရဲဘူး။" 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ လုယက်မှုနဲ့ဓားပြမှုတွေ နေ့စဥ်အမျှဖြစ်နေပြီး ဖမ်းဆီးမဲ့သူမရှိလို့ သေဆုံးရတဲ့ ပြည်သူတွေလည်းရှိပါတယ်။ ၁၉၇၇ ခုနှစ် မေလ ၉ ရက်မှာ အမိန့်အမှတ် ၅၅ နဲ့ ထုတ်ပြန် ခဲ့တဲ့ လက်နက်ကိုင်ဆောင်ခွင့်မူကိုလည်း စစ်ကောင်စီက ပယ်ဖျက်ခဲ့ပါတယ်။

Up