ကနေဒါနှင့် အလာစကာကောင်းကင်တွင် မိုးပျံဘောလုံးများ အမေရိကန်တိုက်လေယာဉ်ဖြင့် ထပ်မံပစ်ချ

ကနေဒါနိုင်ငံနဲ့ အလာစကာပြည်နယ်တွေအပေါ်မှာ ပျံသန်းနေလို့ ပစ်ချခဲ့ရတဲ့ အရာဝတ္ထုတွေဟာ မိုးပျံဘောလုံးတွေဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေး အရာရှိတွေက ယုံကြည်ကြတဲ့အကြောင်း အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် ချပ်ခ်ရှုးမားက ဖေဖော်ဝါရီ ၁၂ရက်က ပြောလိုက်ပါတယ်။
ပြည်သူတွေ အန္တရာယ်ကျရောက်နိုင်တဲ့ အမေရိကန်အကျိုးစီးပွားတွေရှိရင် သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်မယ်ဆိုတာ သေချာပါတယ်လို့လည်းသူက အေဘီစီ သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၀ နဲ့ ၁၁ ရက် က ပစ်ချခဲ့တဲ့ ပစ္စည်းတွေဟာ ဖေဖော်ဝါရီ ၄ ရက်က တောင်ကာရိုလိုင်းနားပြည်နယ်မှာ ပစ်ချခဲ့တဲ့ ပထမဆုံး တရုတ်စပိုင်မိုးပျံဘောလုံးထက် အများကြီး ပိုသေးတယ်လို့လည်းသူက ဆက်ပြောခဲ့ပါတယ်။
အခုဖေဖော်ဝါရီလအတွင်း လေးခုမြောက် မိုးပျံပူဘောလုံးကို တနင်္ဂနွေနေ့မှာ ပစ်ချဖို့ သမ္မတ ဘိုင်ဒင်က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးပစ်ချခဲ့တဲ့ ကနေဒါနယ်စပ်အနီး မီချီဂန်ရှိ ဟူရွန်ကန်ရဲ့ အပေါ်မှာ ရှိတဲ့ မိုးပျံဘောလုံးကိုတော့ F-16 တိုက်လေယာဉ်ကနေ ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်ပါတယ်။
မိုးပျံဘောလုံးဟာ ပေ ၂၀,၀၀၀ လောက်မှာ ပျံသန်းသွားနေတာဖြစ်ပြီး ခရီးသည်တင်လေယာဉ်တွေ ပျံသန်းသွားလာမှုကို အနှောင့်အယှက်ဖြစ်နိုင်တယ်လို့လည်း အမေရိကန်က ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကလည်း ကနေဒါလေပိုင်နက်ထဲက အမည်မသိ အရာဝထ္တုတခုကို အမေရိကန် ဂျက်တိုက်လေယာဉ်က ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ပြောပါတယ်။
ကနေဒါလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ ဒီအရာဝထ္တုကို ပစ်ချဖို့ သူအမိန့်ပေးခဲ့တာဖြစ်ပြီး U.S. F-22 လေယာဉ်က အောင်မြင်စွာပစ်ချနိုင်တဲ့တယ်လို့လည်း ပြောပါတယ်။
ဒီအရာဝထ္တုဟာ စလင်ဒါပုံရှိပြီး ပြီးခဲ့တဲ့သီတင်းပတ်က ပစ်ချခဲ့တဲ့ တရုတ်မိုးပျံဘောလုံးထက် အရွယ်အစားသေးငယ်တယ်လို့ ကနေဒါကာကွယ်ရေးဝန်ကြီးကလည်းပြောပါတယ်။
တရုတ်နိုင်ငံဘက်ကတော့ အမေရိကန်ဟာလည်း မိုးပျံဘောလုံး ၁၀ ခုကျော်လောက်ကို လွှတ်တင်ထားတယ်လို့ ပြန်လည်တုံ့ပြန်ပြောပါတယ်။