close

ကူးစက်လွယ်ပြီး သေစေနိုင်သည့် မာဘာ့ဂ်ဗိုင်းရပ်စ် ဂီနီတွင် ကူးစက်၊ ၉ ဦး သေဆုံး

အီဘိုလာဗိုင်းရပ်စ်လိုပဲ သေစေနိုင်ပြီး ကူးစက်လွယ်တဲ့ မာဘာ့ဂ်ဗိုင်းရပ်စ်ဟာ အီကွေတိုရီယယ် ဂီနီနိုင်ငံမှာ ပထမဆုံးကူးစက်ခဲ့ပြီး လူ ၉ ဦးထက်မနည်း သေဆုံးခဲ့တာကို အတည်ပြုခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။

အီကွေတိုရီရယ် ဂီနီနိုင်ငံမှာ အဖျား၊ ပင်ပန်းနွမ်းနယ်တာ၊ အန်ချိန်နဲ့ ဝမ်းသွားချိန် သွေးပါတာ စတဲ့ လက္ခဏာတွေရှိတဲ့ မာဘာ့ဂ် ဗိုင်းရပ်စ် ကူးစက်ခံ ၁၆ ဦး ရှိတယ်လို့လည်း အစီရင်ခံထားပါတယ်။

သေဆုံးသူတွေဟာ ကီယံထန်ပြည်နယ် အန်ဆုတ်ခ် အန်စိုမို ခရိုင်ထဲက ဈာပန အခမ်းအနား တခုနဲ့ ပတ်သက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောပါတယ်။

သွေးယိုတဲ့အဖျားရောဂါကို ထောက်လှမ်းမိအပြီး ခေးအမ်ထန်ပြည်နယ်မှာ အရင်အပတ်က လူအယောက် ၂၀၀ ကျော်ကို ရောဂါခြေချုပ်နဲ့ ထိန်းသိမ်းပြီး အသွားအလာ ကန့်သတ်ထား ရပါတယ်။

ကူးစက်ဘေး စိုးရိမ်မှုတွေကြောင့် အိမ်နီးချင်း ကင်မရွန်းနိုင်ငံမှာလည်း နယ်စပ်တလျှောက် အသွားအလာ ထိန်းချုပ် ကန့်သတ်ထားပါတယ်။

မာဘာ့ဂ်ဗိုင်းရပ်စ် ရှိမရှိ အတည်ပြုနိုင်ဖို့ အစောပိုင်းနမူနာတွေကို ဆီနီဂေါ နိုင်ငံက ဓာတ်ခွဲခန်းဆီ ပို့ထားပြီးပြီလို့ ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၃ ရက်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မာဘာ့ဂ် ဗိုင်းရပ်စ်ဟာ ကူးစက်ခံရရင် သေဆုံးနှုံး ၈၈ ရာခိုင်နှုန်းအထိရှိတယ်လို့ WHO က ပြောပါတယ်။ ဒီဗိုင်းရပ်စ်ကို ကုသဖို့ရော ကာကွယ်ဖို့ပါ အတည်ပြုထားတဲ့ ဆေးဝါး မရှိသေးပါဘူး။ 

Up