ဆိုင်ကလုန်းမုန်တိုင်းကြောင့် နယူးဇီလန်တွင် အရေးပေါ်အခြေအနေ ကြေညာ

နယူးဇီလန်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဂက်ဘရီယလ်ဟာ မြောက်ကျွန်းတခွင် ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေနဲ့ ကြီးမားတဲ့ ပင်လယ်ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် နယူးဇီလန်အစိုးရဟာ ဖေဖော်ဝါရီ ၁၄ ရက်က သမိုင်းတလျှောက် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေအဖြစ် တတိယအကြိမ် ကြေညာခဲ့ပါတယ်။
အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီး ကီရန် မက်ကာနူလ်တီက ဒီဆိုင်ကလုန်းကြောင့် ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာလို့ ထိခိုက်သူတွေကို ပံ့ပိုးပေးဖို့ နိုင်ငံတော်အဆင့် ကြေညာချက် လိုအပ်ကြောင်း အင်္ဂါနေ့က ပြောပါတယ်။
“ဒါဟာ မြောက်ကျွန်းရဲ့ နေရာအတော်များများမှာ သက်ရောက်မှုတွေ ကြီးကြီးမားမားရှိနေတဲ့ မကြုံစဘူး ရာသီဥတု အခြေအနေပါ” လို့ မက်ကာနူလ်တီက ဆိုပါတယ်။
ဆိုင်ကလုန်း ဂက်ဘရီယလ်ဟာ အော့ကလန်ရဲ့ အရှေ့မြောက်ဘက် ၁၀၀ ကီလိုမီတာအကွာရှိ ကျွန်းငယ်လေးတွေပေါ်မှာ တိုက်ခတ်ခဲ့ပေမဲ့ အခုတော့ အနောက်တောင်ဘက်ကို ရွေ့လျားနေတာပါ။
မိုးလေဝသအဖွဲ့ MetService က အော့ကလန်မှာ အဆိုးရွားဆုံး မိုးရွာပြီးသွားပြီဖြစ်ပေမဲ့ တောင်ဘက်မှာလည်း သက်ရောက်မှုတွေ ပိုရှိလာမယ်လို့ ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ကျွန်းကိုဖြတ်ပြီး မိုးသည်းထန်စွာရွာသွန်းတာ၊ ရေကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေကြောင့် ကမ်းခြေမှာ အခြေချနေထိုင်သူ အများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မြောက်ကျွန်းတခွင်မှာ ကယ်ဆယ်ရေးစခန်းတွေ ထူထောင်ထားပြီး လူတော်တော်များများက လျှပ်စစ်မီး မရရှိကြဘဲ လမ်းတွေလည်း ပိတ်နေတာကြောင့် တချို့မြို့တွေမှာတော့ အဆက်အသွယ် လုံးဝပြတ်တောက်နေပါတယ်။