ထိုင်းစစ်တပ် စစ်ရေးလေ့ကျင့်စဉ် တင့်ကားတိမ်းမှောက်ပြီး စစ်သည် ၂ ဦးသေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်း၊ လုပ်ပူရီခရိုင် စစ်ရေးလေ့ကျင့်ကွင်းတခုမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းက တင့်ကား ၁ စီးတိမ်းမှောက်ပြီး ဗိုလ်လောင်းသင်တန်းသား ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦးတို့ သေဆုံးသွားတယ်လို့ WorkPoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းတော်ဝင်တပ်၊ အရပ်သားနဲ့ ရဲတွေ ပူးပေါင်းပြီး အပတ်စဉ် ၆၆ တန်ပြန်တိုက်ခိုက်မှု စစ်ရေးလေ့ကျင့်စဉ် ဗိုလ်လောင်းတွေကို သွားပို့ပြီး ပြန်လာတဲ့ ထရပ်ကား ၁ စီးနဲ့ တင့်ကား ၁ စီးတို့ တိုက်မိကြောင်း၊ အဆိုပါနေရာဟာ မြေကြမ်းတောလမ်းဖြစ်ပြီး တဖက်နဲ့တဖက် ကောင်းစွာမမြင်ရတဲ့ လမ်းချိုးအကွေ့ဖြစ်တာကြောင့် တင့်ကားက လမ်းဘေးကို တိမ်းမှောက်သွားတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ မတော်တဆထိခိုက်မှုကြောင့် တပ်ကြပ်ကြီး ဆငါကြွယ့်ထိုဟာ ပွဲချင်းပြီးသေဆုံးပြီး ဗိုလ်လောင်းသင်တန်း တတိယနှစ်ကျောင်းသား ဖူးဝနိုင်းကမ်းလန်းဒီက ဆေးရုံမှာ ဆုံးသွားတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ရာနေရာကို ကြည်းတပ်မတော် ဒုဦးစီးချုပ် ဗိုလ်ချုပ် ကိန်းကရိုင်း ဆရီရတ် ကိုယ်တိုင် ဟယ်လီကော်ပတာနဲ့ ချက်ချင်းလာရောက်ကြည့်ရှုစစ်ဆေးပြီး ဖြစ်ရပ်အသေးစိပ် စစ်ဆေးဖို့နဲ့ သေဆုံးသူတပ်ဖွဲ့ဝင်တွေအတွက် လိုအပ်သလို ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြားသွားတယ်လို့ ဆိုပါတယ်။