ဟေတီသမ္မတကို လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ၄ ဦးအား အမေရိကန် ဖမ်းဆီး

ဟေတီသမ္မတ Jovenel Moise ကို ၂၀၂၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၄ ဦးကို အမေရိကန် ဖက်ဒရယ်အေးဂျင့်တွေက ဖလော်ရီဒါမှာ ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောပါတယ်။
လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ စွဲချက်တင်ခံရသူ ၁၁ ဦးကို အမေရိကန်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရားရေးဌာနကနေ သိရပါတယ်။
“တိုင်ကြားချက်အရ အခုဖမ်းဆီးခံရသူ ၃ ဦးဟာ ဖလော်ရီဒါတောင်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး သမ္မတ Moise ကွယ်လွန်ပြီးနောက်မှာ ဟေတီမှာ အာဏာရရှိမယ်လို့ ယုံကြည်သူတွေဆီကနေ ပေးအပ်မယ့် လုံခြုံရေးနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းတွေကနေ အကျိုးအမြတ်တွေ ရရှိနိုင်မယ်လို့ မျှော်လင့်ထားကြကြောင်း” တရားရေးဌာနရဲ့ အမျိုးသားလုံခြုံရေးဌာနခွဲမှ လက်ထောက်ရှေ့နေချုပ်၊ မက်သယူး အိုလင်က ပြောပါတယ်။
သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ လုပ်ကြံသတ်ဖြတ်ကြံစည်မှုမှာ အသုံးပြုတဲ့ လက်နက်တွေ၊ ကျည်ကာအင်္ကျီတွေနဲ့ ငွေကြေးထောက်ပံ့မှုတို့ကို အဓိကထား လုပ်ဆောင်ခဲ့တာပါ။
တရားခံအသစ်တွေထဲမှာ ဗင်နီဇွဲလား-အမေရိကန် စီးပွားရေးသမား အန်တိုနီယို တိုနီ အင်ထရီယာဂိုဟာ ဖလော်ရီဒါအခြေစိုက် တန်ပြန်အကြမ်းဖက်မှုလုံခြုံရေး CTU ကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ သူနဲ့တွဲဘက် ကိုလံဘီယာ-အမေရိကန်နိုင်ငံသား အာကန်ဂျဲလ် ပရီတဲလ် အော်တစ်ဇ်က CTU ရဲ့ ဖက်ဒရယ်အကယ်ဒမီ ကုမ္ပဏီ LLC ရဲ့ အော်ပရေတာဖြစ်ပါတယ်။
မီရာမာမြို့အခြေစိုက် ကမ္ဘာတဝန်း အရင်းအနှီးချေးငွေအဖွဲ့ ခေါင်းဆောင် အမေရိကန်နိုင်ငံသား ဝေါ်လ်တာ ဗိန်းတမီလာ တို့ဟာ ဟေတီသမ္မတကို ပြန်ပေးဆွဲဖို့ သို့မဟုတ် သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်မှုကို ကျောထောက်နောက်ခံ ပံ့ပိုးပေးထားကြောင်း စွပ်စွဲခံထားရတယ်လို့ အမေရိကန် အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဗိန်းတမီလာဟာ ဟေတီရှိ သူတို့ရဲ့လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ဖို့ CTU လုံခြုံရေးကုမ္ပဏီကို ဒေါ်လာ ၁၇၀,၀၀၀ ကျော် ချေးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
၄ ယောက်မြောက် တရားခံ ဖရက်ဒရစ် ဘာ့ဂ်မန်းဟာ သမ္မတ Moise ကို အသေပစ်သတ်ခဲ့တယ်ဆိုတဲ့ ကိုလံဘီယာစစ်သားဟောင်းတွေအတွက် ကျည်ကာအင်္ကျီတွေကို ခိုးသွင်းရာမှာ ပူးပေါင်းကြံစည်မှုနဲ့ စွပ်စွဲခံထားရပါတယ်။
ဖမ်းဆီးမှုတွေနဲ့ စွဲချက်တင်နိုင်ခြေတွေကို Miami Herald နဲ့ နယူးယော့ခ်တိုင်းမ်စ် သတင်းဌာနတို့က အင်္ဂါနေ့အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
သမ္မတ Moise လုပ်ကြံခံရမှုကြောင့် ကာရေဘီယံနိုင်ငံအတွင်း နိုင်ငံရေးလစ်ဟာသွားခဲ့ပြီး မြို့တော် ပို့ထ်-အော်-ပရင့်စ်ရဲ့ နေရာအနှံ့အပြားမှာ သူတို့ကိုယ်သူတို့ အာဏာပိုင်တွေလို ပြုမူလုပ်ဆောင်နေတဲ့ အင်အားကြီးဂိုဏ်းအဖွဲ့တွေကို အင်အားကောင်းစေပါတယ်။
အဲဒီလုပ်ကြံမှု ပြီးကတည်းက ဟေတီဂိုဏ်းတွေဟာ သူတို့ရဲ့နယ်မြေတွေကို တိုးချဲ့ခဲ့ကြပါတယ်။
အစိုးရဆီကနေ ထိန်းချုပ်မှုမရှိတော့တာကြောင့် နိုင်ငံအနှံ့အပြားမှာ အကြမ်းဖက်မှုတွေ သိသိသာသာ တိုးမြင့်နေပြီးတော့ ရဲတပ်ဖွဲ့နဲ့ ပုံမှန် သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။